စစ်ရှောင်တွေကို လူသားဒိုင်းအဖြစ် သုံးနေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ကချင်ပြည်နယ်မှာတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(ကေအိုင်အေ)တို့ တိုက်ပွဲကြားထဲက စစ်ဘေးရှောင်တွေကို တပ်မတော်တပ်ဖွဲ့တွေက လူသားဒိုင်း အဖြစ် အသုံးပြုနေတာ တွေ့ရတယ်လို့ ကချင်အမျိုးသမီးအခွင့်အရေးအဖွဲ့တဖွဲ့က စွပ်စွဲလိုက်ပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့ ဖားကန့်၊ တနိုင်းနဲ့ အင်ဂျန်းယန်မြို့နယ် တွေမှာ ဧပြီလက ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့က ကွင်းဆင်း လေ့လာခဲ့ပါတယ်။
ဒီနောက် ထွက်ပြေးလွတ်မြောက်လာကြတဲ့ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံ မေးမြန်းရာမှာ တပ်မတော်တပ်ဖွဲ့တွေက စစ်ဘေးရှောင်တွေ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေရှိတယ်လို့ KWAT အဖွဲ့က မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖားကန့်မြို့နယ် လိုင်နောင်ခူးရွာက ကလေး ၆၄ ယောက်အပါအဝင် ရွာသား ၁၅၂ ယောက်ကို တောတောင်တွေဖြတ်ပြီးထွက်ပြေးလာစဉ်မှာ တပ်မတော် ခြေမြန် တပ်ရင်း ၄၂၄ က သူတို့ကို တားဆီးခဲ့ပြီး လူသားဒိုင်းနဲ့ မြေမြုပ်မိုင်းရှာ ကရိယာတွေအဖြစ် အသုံးပြုခဲ့တယ်လို့လည်း KWATက ဆိုပါတယ်။
ရွာသားတွေကို ကြားညှပ်ပြီး စစ်ကြောင်းနဲ့အတူ သွားခိုင်းတာတွေ ရှိသလို ရှေ့ဆုံးကနေ သွားတဲ့ရွာသားတွေကတော့ မိုင်းနင်းမိတာတွေ ရှိတယ်လို့ KWATရဲ့ ပြောခွင့်ရ မွန်းနေလီက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် တချို့နေရာတွေမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေရှိသေးတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ရွာသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတဲ့ စွပ်စွဲချက်တွေဟာ ယုံကြည်လက်ခံစရာမရှိဘဲ ဘာမှ တုံ့ပြန်စရာ မလိုဘူးလို့ ကချင်ပြည်နယ်ရဲ့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင့်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KACHIN YOUTH MOVEMENT
ဒါ့အပြင် ဒီတိုက်ပွဲတွေဟာ ကေအိုင်အေက စတိုက်လို့ တုံ့ပြန် ရှင်းလင်းရတာလို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် တေဇကျော်က ကချင်ပြည်နယ်မှာ သတင်းလာယူနေတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့တွေကို မေလ ၁၁ နေ့က ရှင်းလင်းပြောကြားခဲ့ပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်ရာမှာလည်း အရပ်သားတွေထိခိုက်ဒဏ်ရာ မရရှိ အောင် တပ်စခန်းအနီးအနား မှာရွာတွေရှိရင်ရှောင်ပြီး၊ ပစ်ခတ်မှုတွေကိုလည်း မလုပ်ဘူးလို့ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်က ပြောပါတယ်။
တိုက်ပွဲကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း အောင်လော့ဒ်ရွာနဲ့ အနီးတဝိုက်မှာ ရွာသား ၂၀၀၀ လောက်က တောထဲကိုထွက်ပြေး ပုန်းရှောင်နေရ တယ်လို့ ဆိုပါတယ်။
ဒီရွာသားတွေဟာ တောထဲမှာ တလကျော် တိမ်းရှောင်ပြီးတဲ့နောက်မှာ တော်တော်များများ ကယ်ထုတ်နိုင်ခဲ့ပေမဲ့ သက်ကြီးရွယ်အိုတွေနဲ့မသန်စွမ်းတွေ ပါတဲ့ ဒုက္ခသည်တချို့ကတော့ တောထဲမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။








