အလုံးအရင်းနဲ့ KIO တပ်ရင်း ဌာနချုပ် ကို တပ်မတော် ထိုးစစ်ဆင်

ပြီးခဲ့တဲ့ ဧပြီလကစပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)နဲ့ တပ်မတော်တို့ ကချင်ပြည်နယ် နေရာအနှံအပြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အခု ထိုးစစ်ဆင်တဲ့ ဒေသ အားလုံးဟာ ၁၉၉၄ ခုနှစ် လက်မှတ်ထိုးတုန်းက အပစ်ရပ်စဲရေး ကာလမှာ ဖွံ့ဖြိုးရေး ဒေသ စီမံချက် အောက်မှာ သတ်မှတ်ထားတဲ့ ရွာတွေ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က ဦးလနန် က ပြောပါတယ်။
ဧရာ၀တီမြစ် အနောက်ဘက် နဲ့ မြောက်ဘက် ခြမ်း ၊ လီဒို လမ်းတလျှောက် တနိုင်း မြို့နယ် ၊ မေခ မလိခ မြစ်ဆုံ အထက်ပိုင်း အင်ဂျန်းယန် မြို့နယ် တဝိုက်မှာ တိုက်ပွဲ အပြင်းထန်ဆုံး လို့ သူက ဆိုပါတယ်။
ဒါဟာ ကေအိုင်အို ရဲ့ တပ်ရင်း ဌာနတွေ ၊ တပ်မဟာ ဌာနချုပ်ရုံးတွေ ရှိရာ နေရာတွေ ဖြစ်ပြီး ဒါတွေကို ရှင်းလင်းတဲ့ သဘော ဖြစ်နေတယ်လို့ သူကပြောပါတယ်။
အခု တိုက်ပွဲတွေက ကေအိုင်အို ရဲ့ စီးပွားရေး ပိတ်ဆို့ဖို့ လုပ်သလို ဖြစ်နေပေမယ့် အဲလို လုပ်လိုက်ရုံနဲ့ ကေအိုင်အို ရဲ့ စီးပွားရေး ပျက်သွားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
တိုက်ပွဲ ဆင်နွှဲရာမှာ တပ်မတော်က လက်နက်ကြီး နဲ့ လေယာဉ်တွေကို အဓိကထား ထိုးစစ်ဆင်တာ ဖြစ်ပြီး ဥပမာ တပ်မဟာ ၂ ကို ထိုးစစ်ဆင်တော့မယ် ဆိုရင် ၂ သာမက တပ်မဟာ ၃ တို့ ၊ ဗဟို တို့မှာလည်း လက်နက်ကြီး သုံးကြောင်း ၊ ပထမဆုံး လေယာဉ်နဲ့ ပစ်တာ ဖြစ်ပြီး လေယာဉ်ပျံပြီးမှ လက်နက်ကြီးနဲ့ ပစ် ၊ အဲဒီနောက်မှ ခြေလျှင်တပ်က ၀င်တာကြောင့် အဲဒီ ဒေသတွေမှာ တိုက်ပွဲ ပြင်းထန်သွားတာလို့ ထင်ကြောင်း ဦးလနန် က ပြောပါတယ်။
လီဒိုမှာ ၂၀၁၇ ဇူလိုင်၊ သြဂုတ် လတွေ ကစလို့ ထိုးစစ်ဆင် နေရာမှာ အဓိက က တပ်ရင်း ၁၄ ကို မရ ရအောင် တိုက်ပွဲ ဆင်နေတာ ဖြစ်ပြီး ဧပြီ ၁၁ ရက် နောက်ပိုင်းမှာ ထူးထူးခြားခြား တပ်မတွေ အလုံးအရင်း ခေါ်သွင်းပြီး တပ်ရင်း ဌာနချုပ် ဘက်ကို အင်နဲ့ အားနဲ့ ထိုးစစ်ဆင်တာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။
လက်ရှိ တပ်မတော် ရဲ့ ထိုးစစ် ဆင်မှုတွေက မြေပြန့် ဒေသတွေမှာ ဖြစ်ပြီး အဲဒါကို ကျော်ကာ တောတောင်ထဲ ကျွံဝင်လာရင် တိုက်ပွဲ တွေ ဆိုးရွား နိုင်သလို ပြောက်ကျား စစ်တွေ ပြင်းထန်လာနိုင်တယ်လို့ ဦးလနန် က ပြောပါတယ်။
လတ်တလော တိုက်ပွဲ ဖြစ်ရာ ဒေသတွေမှာ ရွာသားတွေ ပိတ်မိတာထက် ပိတ်ခံရတာဖြစ်ပြီး ကေအိုင်အေ တပ်သားတွေ ရှိရာ နေရာမှာ ဒီပြဿနာ ဘာမှ မရှိဘဲ ဖားကန့် ဒေသဘက် နဲ့ လိုင်နောင်း ဘက်မှာ ရွာသားတွေ ပိတ်ခံရတာ ဖြစ်ကြောင်း ၊ ဒါဟာ တိုက်ပွဲ ဖြစ်တာလည်း မဟုတ်ဘဲနဲ့ စစ်တပ်က ရွာက လူတွေ အပြင်မထွက်အောင် အဆက်အသွယ် ဖြတ်ထားပြီး ထိန်းထားတဲ့ သဘောဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကေအိုင်အို ထိုးစစ်ဆင် ခံနေရတဲ့ အခြေအနေကို မြောက်ပိုင်း မဟာမိတ် အဖွဲ့က ထောက်ပံ့ ကူညီပေးတာမျိုး မရှိပေမယ့် စောင့်ကြည့်တဲ့ သဘောရှိပြီး အဲဒီ မြောက်ပိုင်းအဖွဲ့မှာ ပါတဲ့ အဖွဲ့ လေးဖွဲ့ စလုံး တပ်မတော်ရဲ့ ထိုးစစ် ဆင်နွှဲခံနေရာကြောင့် ကိုယ့်နေရာမှာ သတိ အနေအထား စောင့်ကြည့် နေကြတယ်လို့ ဦးလနန် က ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကေအိုင်အို ရဲ့ သဘောထားကို အစောပိုင်း ကတည်းက ပြောထားပြီး ဖြစ်ကြောင်းနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး ခေါင်းစဉ်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါ၀င်ခွင့် ရ ရမယ် ၊ ကေအိုင်အို အနေနဲ့ အဲဒီ အပေါ်မှာ ဆက်ရပ်တည်နေကြောင်း ၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ထိုးပါ ပြောပေမယ့် စစ်တပ်က လက်မခံ နိုင်တဲ့ အဖွဲ့တွေ ရှိသေးတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အစိုးရကတော့ NCA လက်မှတ် ထိုးပါ ၊ ငြိမ်းချမ်းရေး စားပွဲ လာပါ ၊ ဆိုနေပေမယ့် တပ်မတော်က လက်မခံရင် ဘာမှ လုပ်မရကြောင်း ၊ အခုလို ထိုးစစ်ဆင်နေတာဟာ ကေအိုင်အိုကို အန်စီအေ လက်မှတ်ထိုးဖို့ ဖိအားပေးတာ ဆိုရင် မြန်မာပြည် ငြိမ်းချမ်းရေး မှေးမှိန် သွားမှာဖြစ်ကြောင်း နဲ့ အဲလိုသာ လုပ်တယ် ဆိုရင် လမ်းကြောင်းမှားနေပြီလို့ ဆိုချင်ကြောင်း ဦးလနန် က ရှင်းပြခဲ့ပါတယ်။








