တနိုင်းတိုက်ပွဲ အတွင်းက ထောင်ချီတဲ့ ဒေသခံတွေ အကူအညီ မရသေး

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
ကချင်ပြည်နယ် တနိုင်းမြို့ တဝိုက်နဲ့ အင်းတော်ကြီး ဒေသဘက်မှာ ဧပြီလ ၁၅ ရက်နေ့မှာလည်း တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့ပါတယ်။
အခုလို တိုက်ပွဲတွေ အတွင်းမှာ ဒေသခံ အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သလို ပိတ်မိနေတဲ့ ဒေသခံ ၂၀ဝ၀ ကျော် ကိုလည်း ကချင် ပရဟိတ အဖွဲ့တွေက သွားကူခွင့် မရပဲ ဖြစ်နေတယ်လို့ ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးနောင်လတ်က ဘီဘီစီကို ပြောပါတယ်။
လောလောဆယ်မှာ တနိုင်းမြို့အနီး အင်းတော် ချောင်းဝဒေသမှာ ဒေသခံ ၂၀ဝ ကျော်နဲ့ အောင်လောဒ်ရွာ တဝိုက်မှာ ဒေသခံ ၂၀ဝ၀ လောက် ပိတ်မိနေပြီး ပြည်နယ်အစိုးရ အာဏာပိုင်တွေကို စာပို့ အကူအညီတောင်းထားပေမယ့် ယခု အချိန်အထိ အကူအညီ မရသေးတဲ့အတွက် ကချင် ပရဟိတ အဖွဲ့ဝင်တွေက ဒေသခံ စစ်တိုင်းမှူးကို တွေ့ဆုံ အကူအညီ တောင်းမယ်လို့ ဦးနောင်လတ်က ပြောပါတယ်။
ဧပြီလ ၁၄ ရက်နေ့ကလည်း အခုလို ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီ ကယ်ထုတ်ပေးဖို့ တနိုင်းဒေသ တပ်မတော် ကွပ်ကဲမှု စစ်ဌာနချုပ်ကို အကြောင်းကြားခဲ့ပေမယ့် အထက်ကို တင်ပြပေးမယ်လို့ပဲ ပြောဆိုခဲ့တယ်လို့လည်း တနိုင်းမြို့နယ်ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးနောင်နဂျာတန်က ဘီဘီစီကို ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
လောလောဆယ်မှာတော့ ပရဟိတ အဖွဲ့ဝင်တွေ အနေနဲ့ ကူခွင့်ရရင် ပေးဖို့ ရိက္ခာ စုဆောင်းပေးတာကို လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
ကေအိုင်အေ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူကတော့ ဖားကန့်၊ တနိုင်းနဲ့ လိုင်နောင်းကိုး ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။
အဲဒီ တိုက်ပွဲတွေရဲ့ အကျအဆုံး အခြေအနေကို တပ်မတော် ဘက်ကရော ကေအိုင်အေ ဘက်ကပါ အတိအလင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ကချင်ပြည်နယ်အတွင်းက အခုလို တိုက်ပွဲတွေဟာ ဧပြီလ ၆ ရက်နေ့ကတည်းက စတင်နေတာ ဖြစ်ပြီး ဧပြီလ ၁၁ နေ့ကတည်းက စပြီး ပြင်းထန်နေတာ ဖြစ်တဲ့အတွက် ဒေသခံတွေလည်း အသက် အန္တရာယ် အတွက် ဆက်လက် စိုးရိမ်နေကြပါတယ်။








