ဒုက္ခသည် ပြန်ခေါ်ရေး နှစ်လအတွင်း စတင် လုပ်ဆောင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

ဓာတ်ပုံ ရင်းမြစ်, MOI Webportal Myanmar Facebook
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
နေပြည်တော်မှာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အဘူဟတ်ဆန် မာမွတ်အလီတို့ လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။
ဒုက္ခသည်တွေ ပြန်ခေါ်ဖို့အတွက် နှစ်လအတွင်းမှာ စတင် လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်လည် လက်ခံရေး နှစ်ဖက်ပူးတွဲ အလုပ်အဖွဲ့ကို သုံးပတ်အတွင်း ဖွဲ့စည်းဖို့ သဘောတူတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးတဲ့သူတွေကို စိစစ်လိုက်နာရမယ့် မူဘောင်တွေ ရေးဆွဲလိမ့်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၁၉၉၂ ခုနှစ် နှစ်နိုင်ငံ အစိုးရ နိုင်ငံခြားရေး ဝန်ကြီး အဆင့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး မူဘောင်တွေကို ရေးဆွဲထားတာလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI Webportal Myanmar Facebook
ဒုက္ခသည်တွေ ပြန်ခေါ်ရေးနဲ့ပတ်သက်ပြီး ပြည်သူလွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦးက အရင်ကလည်း ဒီလိုကိစ္စတွေကို အောင်မြင်အောင် ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံရှိဖူးတဲ့အကြောင်း ဘီဘီစီကို ပြောပြပါတယ်။
"ဒါကြောင့် အခုကိစ္စမှာလည်း အောင်မြင်မှု ရလာနိုင်ပါတယ်။ ဒီတခါ အခက်အခဲက ဘာရှိနိုင် သလဲဆိုတဲ့ အခါကျတော့ ဥပဒေကြောင်းများကို သေသေချာချာ စိစစ်မှာ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေလို့ အမည်ခံထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတာကိုတော့ ပိုင်ပိုင် နိုင်နိုင် တကယ်သေသေချာချာ သက်သေပြဖို့ လိုပါလိမ့်မယ်↔လို့ သူက ပြောပါတယ်။
ဒုက္ခသည်တွေအနေနဲ့မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေပြဖို့ အခက်အခဲရှိနိုင်တယ်လို့ ရခိုင်အကြပ်အတည်းကို လေ့လာသူအချို့က ပြောဆိုပါတယ်။
လုံခြုံရေး အာမခံချက်မရှိဘဲ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်ပို့တာတွေ ဖြစ်မှာ စိုးရိမ်ကြောင်း နိုင်ငံတကာ အကူညီပေးရေး အဖွဲ့တွေက ထောက်ပြတာတွေ ရှိပါတယ်။
ဩဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ ပဋိပက္ခကြောင့် လူပေါင်း ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပါတယ်။
ဒီလိုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂကတော့ လူမျိုးစု ရှင်းလင်းရေးလို့ ပြောဆိုထားပါတယ်။








