ရန်ကုန် စစ်တွေ ကားလမ်းပေါ် မိုင်း ၃ လုံး ပေါက်ကွဲ

ဆေးပစ္စည်းတွေ စစ်တွေကို သွားပို့တဲ့ တပ်မတော် ထောက်ပို့ ကားတွေ ဖြတ်သန်းချိန်မှာ မိုင်းတွေ ပေါက်ကွဲခဲ့

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ဆေးပစ္စည်းတွေ စစ်တွေကို သွားပို့တဲ့ တပ်မတော် ထောက်ပို့ ကားတွေ ဖြတ်သန်းချိန်မှာ မိုင်းတွေ ပေါက်ကွဲခဲ့

ရခိုင်ပြည်နယ်မှာ မင်းပြားမြို့နယ် အတွင်း ရန်ကုန်၊ စစ်တွေ ကားလမ်းမပေါ်က တံတားတစ်ခုမှာ ထောင်ထားတဲ့ မိုင်း ၃ လုံး ပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး က ကားတချို့ အနည်းငယ် ထိခိုက်ခဲ့ ပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနက် ၉ နာရီက မိုင်းတွေ ပေါက်ကွဲခဲ့တာ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တော ဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီး မတည်မငြိမ် ဖြစ်နေချိန်၊ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွား နေချိန်မှာ တစုံတရာ နယ်မြေ တည်ငြိမ်မှုတွေ ရှိနေတဲ့ မင်းပြားမြို့နယ် အတွင်း အခုလို မိုင်းတွေ ပေါက်ကွဲ ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့ နေရာက ဖားပြိုရွာနဲ့ ကြက်ယက်ရွာ အကြား ရန်ကုန်၊ စစ်တွေ ကားလမ်း မိုင်တိုင် အမှတ် ၈၄/၄ မှာ ဖြစ်ပါတယ်။

ကမ်းနီမှာ ရှိတဲ့ တိုင်းဗဟို ၉ ကနေ ဆေးပစ္စည်းတွေ စစ်တွေကို သွားပို့တဲ့ တပ်မတော်က ထောက်ပို့ ကားတွေ ဖြတ်သန်းချိန်မှာ ဒီမိုင်းတွေ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မင်းပြားမြို့နယ် ရဲစခန်းက ဒုရဲအုပ် ညီညီက မိုင်း ၃ လုံး ပေါက်ကွဲတာကို အတည်ပြုပြောဆိုပြီး စစ်တပ်က ကားမှန်တွေ နည်းနည်းကွဲအက်သွားပေမဲ့ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ပြောပါတယ်။

အခု မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စိစစ်နေတုန်း ဖြစ်တဲ့ အတွက် မိုင်းထောင်တာ ဘယ်သူတွေ လဲ၊ ချိန်ကိုက်မိုင်းလား၊ တိုက်မိုင်းလား ဆိုတာ မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုက ပြင်းထန်တဲ့ အတွက် အနီးအနား ပတ်ဝန်းကျင် ရွာတွေကပါ ဆက်တိုက် ပေါက်ကွဲသံတွေကို ကျယ်ကျယ် လောင်လောင် ကြားခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီလို မိုင်းဗုံးတွေ ပေါက်ကွဲမှုကြောင့် အနီးနား ကျေးရွာသားတွေ ကလည်း အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မင်းပြားမြို့နယ် သံရှင် ရဲစခန်းအပိုင် ဆပ်ကျာ ရွာ အနီး ရန်ကုန်၊ စစ်တွေ ကားလမ်းဘေးမှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ကားတချို့ အပျက်အစီး ရှိခဲ့ပါ သေးတယ်။