တစ်ရက်လုပ်ခ လေးထောင်နဲ့ လေးထောင့်ရှစ်ရာကြား ထားဖို့ ဝန်ကြီး အဆိုပြု

မြန်မာနိုင်ငံမှာ လုပ်ခကြေးငွေ အနိမ့်ဆုံးတော့ တစ်ရက်ကို ကျပ် လေးထောင်ကနေ လေးထောင့်ရှစ်ရာကြား ထားရှိပေးပါ ဆိုပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ အမျိုးသား ကော်မတီရဲ့ ဥက္ကဌက အဆိုပြု ပြောပါတယ်။
အဲဒီ ကော်မတီရဲ့ တတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတုန်း ကော်မတီ ဥက္ကဌလည်းဖြစ်၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်တဲ့ ဦးသိန်းဆွေက ပြောခဲ့တာပါ။
အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ကျင်းပလို့ ဝန်ကြီး ဦးသိန်းဆွေရဲ့ အဆိုပြုချက် အပေါ် ဆွေးနွေး ညှိနှိုင်းမှာ ဖြစ်ပြီး၊ ကော်မတီ အစည်းအဝေး နောက်တစ်ကြိမ် ကျင်းပတဲ့အခါ အတည်ပြုမလား ဆုံးဖြတ်ကြမယ်လို့ နားလည်ရပါတယ်။
ဝန်ကြီး အဆိုပြုတဲ့ နှုန်းထားကို နေပြည်တော် အစည်းအဝေး အတွင်းမှာပဲ အလုပ်သမား ကိုယ်စားလှယ်တွေက ကန့်ကွက် ခဲ့ပါတယ်။
အလုပ်သမား ကိုယ်စားလှယ်တွေက အနိမ့်ဆုံး လုပ်ခ တစ်ရက်ကို ငါးထောင့်ရှစ်ရာ ကျပ် သတ်မှတ်သင့်တယ် ဆိုပြီး တွက်ချက် ထားပါတယ်။
တခါ၊ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေဘက်ကတော့ ကျပ် လေးထောင် ဆိုပြီး အဆိုပြုခဲ့သလို၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကလည်း ကျပ် ငါးထောင် လို့ အဆိုပြု ထားပါတယ်။
လက်ရှိ အနိမ့်ဆုံး လုပ်ခက သုံးထောင့်ခြောက်ရာကျပ် ဖြစ်ပြီး အရင် အစိုးရလက်ထက် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော် အစည်းအဝေးမှာ သဘောတူနိုင်ခဲ့တဲ့ အချက်တွေကတော့ အနိမ့်ဆုံး လုပ်ခကို တနိုင်ငံလုံး တပြေးညီ သတ်မှတ်ဖို့ ဆိုတဲ့ အချက်နဲ့၊ ဘယ်လောက် သတ်မှတ်မလဲ ဆိုတဲ့ နှုန်းထားကို ဒီဇင်ဘာ အစည်းအဝေးကျရင် ဆုံးဖြတ်ဖို့ သဘော တူခဲ့ကြပါတယ်။








