ကြက်ခြေနီအဖွဲ့ရဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပိတ်ဆို့ တိုက်ခိုက်ခံရ

ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ရည်ရွယ်တဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC ရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို စစ်တွေ ဆိပ်ကမ်းမှာ စက်လှေ ပေါ်ကို တင်ချိန်မှာပဲ လူတွေ ရာချီ အုပ်စုဖွဲ့ပြီး တားမြစ် ခဲ့တာကနေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ကြား စက်တင်ဘာ ၂ဝ ရက်၊ ဗုဒ္ဓဟူးနေ့က ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။
လူ အယောက် ၃ဝဝ ဝန်းကျင်ထိ စုဝေး လာကြပြီး လုံခြုံရေး အဖွဲ့တွေကို ဓာတ်ဆီပုလင်းကို မီးရှို့ပြီး ပစ်ပေါက်တာမျိုး၊ ခဲတွေနဲ့ ပစ်ပေါက်တာမျိုး လုပ်တဲ့ အတွက် အဓိကရုဏ်း ဖြိုခွင်းတဲ့ နည်းလမ်းတွေ သုံးပြီး လူအုပ်ကို ခွဲခဲ့ရတယ်လို့ အစိုးရဘက်က ထုတ်ပြန် ထားပါတယ်။
ဂျင်ကလိနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ပြုလုပ်လာတဲ့ အတွက် ရာဘာကျည် သုံးပြီး အချက်ပေါင်း များစွာ ပစ်ခတ် လူစု ခွဲခဲ့ရတယ် လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီ တိုက်ခိုက်မှုကြောင့် ရဲ ၁၂ ယောက် ဒဏ်ရာ ရခဲ့ပြီး တစ်ယောက် ဆိုရင် ၁၂ ချက် ချုပ်ရတဲ့ အထိ ကုသ ခဲ့ရပါတယ်။
လူ ၉ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်း ထားပြီး စစ်ဆေး နေတယ်လို့ ဆိုပါတယ်။
ဆိုလာမီးအိမ်တွေ၊ ခြင်ထောင်နဲ့ အဝတ်အစားတွေ၊ ရေပုံးတွေ အပါအဝင် ဒုက္ခသည် ထောက်ပံ့ ကူညီရေး ပစ္စည်းတွေကို မောင်တောဒေသကို ပို့ဆောင်ဖို့ ပြင်ဆင် နေချိန်မှာ အခုလို အုပ်စုဖွဲ့ တားမြစ် ရန်မူ လာကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အခြေအနေကို ထိန်းချုပ် ထားနိုင်တယ်လို့ အစိုးရက ကြေညာ ထားပါတယ်။




