ရခိုင်မှာ လူမျိုးတုံးရှင်းလင်းမှုရှိတယ်လို့ UN ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခအတွင်း လူမျိုးတုံးရှင်းလင်းမှုရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲက ပြောပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေ ဝင်ရောက်ခွင့် မရတဲ့အတွက် အဲဒီကအခြေအနေတွေကို သေသေချာချာ အကဲဖြတ်လို့ မရနိုင်သေးပေမယ့် ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းမှု ဖြစ်နိုင်တယ်လို့ Zeid Ra'ad Al Hussein က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ ပတ်ကျော်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို လူ ၃ သိန်း ကျော် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
တပ်မတော်ဘက်ကတော့ သူတို့ဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေကိုသာ ဦးတည်နှိမ်နင်းတာ ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ဖြစ်တုန်းကလည်း အလားတူ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းက ဘီဘီစီကို ပြောရာမှာတော့ လူမျိုးတုံးရှင်းလင်းမှု ရှိတယ်လို့ သူမထင်ကြောင်း၊ အဲဒီစကားလုံး သုံးနှုန်းဖို့ ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါတယ်။
ဒလိုင်းလားမား တိုက်တွန်း
တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာပြည်က ထွက်ပြေးလာသူတွေကို ဗုဒ္ဓမြတ်စွာဘုရားသာရှိရင် ကူညီနိုင်ခဲ့လိမ့်မယ်လို့ မိန့်ပါတယ်။
မွတ်ဆလင်တွေကို နှောက်ယှက်တိုက်ခိုက်သူတွေအနေနဲ့ ဗုဒ္ဓဘုရားကို သတိရသင့်တယ်လို့ သူက မိန့်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။








