ကိုယ်ဝန်ဆောင် မိခင်လောင်းတွေကို ထောက်ပံ့ကြေး ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံမှာ အခု ဘဏ္ဍာနှစ်ကစလို့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရဲ့ လူမှု ကာကွယ် စောင့်ရှောက်ရေး အစီအစဉ်ကနေ ထောက်ပံ့ကြေးပေးတော့မှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်အရ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေကို တလကို ကျပ်တသောင်းခွဲနှုန်းနဲ့ ထောက်ပံ့သွားမှာပါ။
မွေးဖွားလာတဲ့ ကလေးငယ်တွေ ဖွံ့ဖြိုး တိုးတက်မှု၊ ကြီးထွားမှုကို ရည်ရွယ်ပြီး အာဟာရ ဖြည့်စွက်တဲ့ အစားအသောက်တွေ ဝယ်ယူစားသောက်နိုင်အောင် အခုလို ထောက်ပံ့တာလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ အမြဲတန်း အတွင်းဝန် ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့်လည်း လောလောဆယ် ရခိုင်ပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တွေကိုပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက တာဝန်ယူထားပြီး ချင်းပြည်နယ်ကိုတော့ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ကူညီ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
ဒီဒေသတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတဲ့ ဒေသတွေ ဖြစ်တာကြောင့် အခုလို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




