ဆူဒန်လေကြောင်းတိုက်ခိုက်မှု လူ ၁၈ ဦး သေဆုံး - ဇွန်လ ၁ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆူဒန်နိုင်ငံ ခါတွန်းမ် မြို့တော်မှာ စစ်တပ်နဲ့ ပြိုင်ဘက်အဖွဲ့ကြား စျေးတနေရာမှာ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အရပ်သား ၁၈ ယောက် သေဆုံးပြီး လူတရာကျော် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါဟာ လတ်တလေ ာပြည်တွင်းစစ်မှာ အသေအပျောက် အများဆုံးလို့ ဆိုပါတယ်။
ဆူဒန်မှာကြုံနေရတဲ့ လူမှုဘေးဒုက္ခတွေနဲ့ ပတ်သက်လို့ ဆရာဝန်တွေ ၊ သွေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးကြပါလို့ လူမှုကူညီရေး အဖွဲ့တွေက ပန်ကြားထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ခါတွန်းမ်မြို့တောင်ပိုင်းက စျေးတခုအပေါ် ဗုံးကြဲခံရပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ လူ့အခွင့်အရေး ရှေ့နေ တွေက ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်း ၇ ပတ်က စဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ပြိုင်ဘက် RSF လက်နက်ကိုင်အဖွဲ့တို့ရဲ့ ပဋိပက္ခကြောင့် ဆူဒန်မှာ လူပေါင်း ၁.၄ သန်းကျော် အိုးအိမ်စွန့်ခွာ ပြေးနေရပါတယ်။
အီရန်နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေပြီး ပါကစ္စတန်စစ်သား၂ ယောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နဲ့ နယ်စပ်မှာ သေနတ်သမားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်သား ၂ ယောက်သေဆုံးတယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။
ဘလူချီစတန် ပြည်နယ်မှာ စစ်သွေးကြွလို့ ယူဆရသူတွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အီရန် အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီတုန်းကလည်း အလားတူတိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့တာကြောင့် ပါကစ္စတန်စစ်သား ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။
ဘယ်အဖွဲ့ကမှတော့ သူတို့လက်ချက်ဆိုပြီး ထုတ်ပြောလာတာ မရှိသေးပါဘူး။
ဘလူချီစတန်က ခွဲထွက်ရေးသမားတွေကတော့ မကြာခဏဆိုသလို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်လေ့ရှိပါတယ်။
တရုတ်မှာ ဘွဲ့ရလူငယ် ၅ ယောက်မှာ တယောက်အလုပ်လက်မဲ့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာ တိုးလာတာကြောင့် အလုပ်ရှာပေးမယ့် ရက်တရာလှုပ်ရှားမှုကို ဟီနန် ပြည်နယ်မှာ စတင်လိုက်ပါပြီ။
အသက် ၁၆ နှစ်နဲ့ ၂၄ ကြား လူငယ် ၅ ယောက်မှာ တယောက်က အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ ဧပြီမှာ ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
ဟီနန်ပြည်နယ် အာဏာပိုင်တွေဟာ ဘွဲ့ရကျောင်းသားတွေကို မျက်နှာချင်းဆိုင် အင်တာဗျူးတွေ လုပ်ပြီး အစိုးရ အလုပ်ခွင်တွေမှာ နေရာရရေး ကူညီပေးတော့မှာပါ။
ဒီနှစ်မှာတော့ တရုတ်ပြည်က ဘွဲ့ရ ၁၂ သန်းနီးပါး အလုပ်ခွင် ဝင်လိမ့်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
မဏိပူက လူမျိုးရေး အဓိကရုန်းကို ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ နိုင်ငံအရှေ့မြောက်ပိုင်း မဏိပူပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို အစိုးရက ကော်မရှင်ဖွဲ့ စုံစမ်းဖို့ လုပ်နေပါပြီ။
ကော်မရှင်အနေနဲ့ ဘာကြောင့် အဓိကရုဏ်းဖြစ်ရတယ် ဆိုတာနဲ့ ဘယ်သူ့ကြောင့် ဆိုတာတွေကို စစ်ဆေးဖော်ထုတ်သွားမှာပါလို့ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြောပါတယ်။
သူဟာ လတ်တလော အခင်းဖြစ်ရာ နေရာကို သွားရောက်ခဲ့သူပါ။
ပြည်နယ်အတွင်းမှာ အများစု ဖြစ်တဲ့ Meitei လူမျိုးစုတွေအနေနဲ့ မြေယာပိုင်ဆိုင်မှု ၊ ပညာရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပေးခံနေရတယ်ဆိုပြီး လူမျိုးစုတွေကြား အချင်းဖြစ်ပွားခဲ့ကြတာပါ။
ဒါမျိုးတွေ ဆက်ဖြစ်နေရင် လူနည်းစု တခြား လူမျိုးစုတွေအနေနဲ့ သူတို့ထိန်းချုပ်ပိုင်ခွင့်တွေ ဆုံးရှုံးနိုင်တယ်လို့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။








