အမေရိကန် သမ္မတ ဘိုင်ဒန် ရွေးကောက်ပွဲ ပြန်ဝင်မယ်-ဧပြီ ၂၅ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန် သမ္မတ ဘိုင်ဒန်က သမ္မတရာထူး ဒုတိယသက်တမ်း အတွက် လာမယ့် ရွေးကောက်ပွဲမှာ ပြန်အရွေးခံမယ်လို့ ကြေညာပါတယ်။

ဗီဒီယိုကနေ တစ်ဆင့် အမေရိကန် ပြည်သူတွေကို ပေးတဲ့သတင်းစကားထဲမှာ ပြန်အရွေးခံဖို့ အတည်ပြုခဲ့ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ကာကွယ်ဖို့သူက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၄နှစ် သမ္မတ အဖြစ်အရွေးခံတုန်းက အမေရိကန်ရဲ့ ဝိညာဉ်အတွက် တိုက်ပွဲဝင်ဖို့ ပြောခဲ့ပါတယ်၊ အခုထိလည်း တိုက်နေတုန်းပါပဲ၊ လာမယ့်နှစ်တွေမှာ လွတ်လပ်မှုကို ပိုရလာမလား ပိုနည်းသွားမလား အခွင့်အရေးပိုလာမလား နည်းသွားမလား ဆိုတဲ့ မေးခွန်းကို ဖြေရမှာပါ၊ ဘယ်လိုအဖြေမျိုးလိုချင်သလဲဆိုတာ ကျွန်တော်လည်း သိသလို ခင်ဗျားတို့လည်း သိမှာပါ၊ အခုချိန်က ကျေနပ်ရောင်ရဲရမယ့်အချိန်မဟုတ်ပါဘူး ဒါကြောင့် ကျွန်တော် ပြန်အရွေးခံမှာပါ"လို့ သူက ပြောသွားတာ ဖြစ်ပါတယ်။

ဒါအပြင် ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင် ပါတီအကြားမှာ ကွဲပြားချက်ကို သူက ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး ရီပတ်ဘလီကင်တွေကို အစွန်းရောက်တွေလို့ ခေါ်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ ကြေညာခဲ့ပြီးတဲ့နောက် ၄ နှစ်အကြာမှာ အခုလို ကြေညာ လိုက်တာလည်း ဖြစ်ပါတယ်။ နောက်နှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပရင် မစ္စတာ ဘိုင်ဒန်ရဲ့ အသက်က ၈၁ နှစ်ရှိမှာ ဖြစ်ပြီး အသက်အကြီးဆုံး ပြန်ရွေးချယ်ခံမယ့် သမ္မတလောင်းလည်း ဖြစ်လာပါတယ်။

ရီပတ်ဘလီကင်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းအတွက် ဒေါ်နယ်ထရမ့်က အလားအလာ အရှိဆုံး လူကြိုက်အများဆုံး ကိုယ်စားလှယ် တစ်ဦး ဖြစ်နေပြီး ၂ဝ၂ဝ ရွေးကောက်ပွဲတုန်းက ခါးသက်တဲ့ ပြိုင်ဆိုင်မှုကို ပြန်လည် တွေ့ရဖို့ ရှိနေပါတယ်။

၁၁ရက်ကြာ တိုက်ပွဲတွေဖြစ်နေတဲ့ ဆူဒန်မှာ အပစ်အခတ်ရပ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်မှာ ခိုင်မာမှုမရှိတဲ့ အပစ်ခတ် ရပ်စဲထားပြီး အရပ်သားတွေကို ထွက်ခွာခွင့်ပြုထားပါတယ်။

တချို့နေရာတွေမှာ သေနတ်သံတွေ ကြားနေရဆဲ ဖြစ်ပေမဲ့ ဆူဒန် တပ်ဖွဲ့နဲ့ စင်ပြိုင် Rapid Support Forces လက်နက်ကိုင်တပ်ဖွဲ့တွေက အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ၃ ရက်ကြာ ပစ်ရပ်ထားပါတယ်။

အွန်လိုင်းပေါ် တင်လာတဲ့ အတည်မပြုနိုင်သေးတဲ့ ဗီဒီယိုထဲမှာ လူတွေက လမ်းတွေပေါ်မှာ လမ်းလျောက်နေပြီး အဆောက်အအုံတွေ ပျက်စီးနေတာကို မြင်နေရပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လုနီးပါး ဖြစ်နေတာကြောင့် ဒီအခြေအနေက စိုးရိမ်ဖို့ကောင်းတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ လူအများစုက မြို့ထဲကနေ ထွက်ခွာဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ၁၁ ရက်ကနေစပြီး ဆူဒန်မှာ ဒီတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ဒေါ်လာ ၂.၅ ဘီလီယံ ရင်းနှီးမြုပ်နှံမယ်လို့ နက်ဖလစ်ကြေညာ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ၄ နှစ်အတွင်း ဒေါ်လာ ၂.၅ ဘီလီယံ ရင်းနှီးမြုပ်နှံမယ်လို့ နက်ဖလစ်(Netflix)က ထုတ်ပြန်လာပါတယ်။

ဒါဟာ ၂ဝ၁၆ ခုနှစ်ကနေ ရင်းနှီးမြုပ်နှံမှုကို နှစ် ဆနီးပါး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုး ( Yoon Suk Yeol) အမေရိကန် ခရီးစဉ်မှာ နက်ဖလစ်ရဲ့ အမှုဆောင် အကြီးအကဲ တက်ဆရန်ဒို့စ် (Ted Sarandos)နဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြုပ်နှံမှုတွေ ထပ်မံတိုးလုပ်လာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားက ယဉ်ကျေးမှုတွေ ထုတ်လုပ်ပြီး ပိုမိုလွှမ်းမိုးဖို့ ဒီရင်းနှီးမြုပ်နှံမှုက အဓိက အခွင့်အလမ်းတစ်ခုလို့ သမ္မတ ယွန်းက ပြောပါတယ်။

ကိုရီးယားလှိုင်းဆိုပြီး လူသိများတဲ့ ကိုးရီးယား ဖျော်ဖြေရေးလုပ်ငန်းက ဒီနှစ်တွေမှာ ထွန်းကားလာပါတယ်။

Parasite ဆိုတဲ့ ကိုရီးယား ဇာတ်ကားက အော်စကာဆုကို ရယူနိုင်ခဲ့ပြီး နက်ဖလစ် စီးရီး Squid Game ကလည်း ဒီပလက်ဖောင်းပေါ်မှာ လူကြည့်အများဆုံး ဇာတ်ကား ဖြစ်ခဲ့ပါတယ်။

ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေးရုံး ဗုံးကွဲမှု သေဆုံးသူ ၁၇ ဦးရှိလာ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပါကစ္စတန်နိုင်ငံ စွပ်တောင်ကြား (Swat Valley) မှာရှိတဲ့ အကြမ်းဖက် တိုက်ဖျက်ရေးရုံး ဗုံးကွဲမှုကြောင့် သေဆုံးသူ အရေအတွက်က ၁၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

သေဆုံးသူထဲက ၉ဦးက ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး နောက်သေဆုံးတဲ့ အရပ်သား ၃ ဦးထဲမှာ ကလေး ၂ဦးပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

ပြင်ပက တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ လက်နက်တွေ သိုလှောင်ထားတဲ့နေရာမှာ လျှပ်စစ်မီးက တစ်ဆင့် ပေါက်ကွဲမီးလောင်ခဲ့တာလို့ ကနဦး စစ်ဆေးတွေ့ရှိရတယ်လို့ အဆင့်မြင့် ရဲအရာရှိက ပြောပါတယ်။

ဒီအထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ တင့်ကားဖျက်ဒုံးတွေနဲ့ မော်တာတွေ သိုလှောင်ထားတယ်လို့ တခြားအရာရှိက ပြောပါတယ်။

သမုဒ္ဒရာတွေ ပူနွေးလာတာက ကမ္ဘာ့ကြီး ပူနွေးမှုကို ထပ်တိုးလာမယ်လို့ သိပ္ပံပညာရှင်တွေပြော

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

သမုဒ္ဒရာတွေ အလျင်အမြန် ပူနွေးလာတာက ကမ္ဘာ့ကြီး ပူနွေးမှုကို ထပ်တိုးလာစေမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီလထဲမှာ ကမ္ဘာ့ သမုဒ္ဒရာ မျက်နှာပြင် အပူချိန်က စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

မတ်လမှာ မြောက်အမေရိက အရှေ့ပိုင်း ကမ်းလွန်မှာ ရှိတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်က ၁၃.၈ ဒီဂရီ ဆဲလ်စီယပ်စ် ထက်မြင့်တက်လာခဲ့ပြီး ၁၉၈၁နဲ့ ၂ဝ၁၁ ကာလရှည်က ပျမ်းမျှ အပူချိန်ထက် ပိုမြင့်ခဲ့ပါတယ်။

ပစိဖိတ်ထဲမှာ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တွေ ပိုဖြစ်လာမယ်လို့လည်း သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒီလို မြင့်တက်ခဲ့တာကြောင့် လာမယ့်နှစ်မှာ ကမ္ဘာ့ ပျမ်းမျှ အပူချိန်က မြင့်တက်လာနိုင်ပြီး ဒါဟာ ၁.၅ ဒီဂရီ ဆဲလ်စီးယား အထက် ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကြီး ပူနွေးမှုကို ရေရှည် အဆိုးဆုံးသက်ရောက်နေတာတွေကို ရှောင်ရှားနိုင်ရင် ဒါကို ရှောင်လွဲနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။