အရှေ့အလယ်ပိုင်းမှာ တင်းမာမှု တိုးလာ

ဗီဒီယို ပုံစာ, တဲလ်အဗစ်ကို ဟဇ်ဘိုလာ ဒုံးကျည်နဲ့ ပစ်
အရှေ့အလယ်ပိုင်းမှာ တင်းမာမှု တိုးလာ

အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။ ဟဇ်ဘိုလာကလည်း ပထမဆုံးအကြိမ်အဖြစ် လက်ဘနွန်ထဲကနေ တဲလ်အဗိမြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အစ္စရေး ရဲ့ အဓိက မြို့ကြီး တမြို့ ဖြစ်တဲ့ တဲလ်အဗိထဲမှာလည်း လေကြောင်းရန် အချက်ပေး ဥသြသံတွေ ညံသွားခဲ့ပါတယ်။ အစ္စရေး စစ်တပ်ကတော့ လမ်းကနေ ဖြတ်တောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက် ဒဏ်ရာ ရရှိမှု သတင်း မရသေးပါဘူး။ ဟဇ်ဘိုလာက အခု တိုက်ခိုက်မှုဟာ သူတို့ အဖွဲ့ မကြာသေးခင်က အတိုက်ခိုက် ခံခဲ့ရတာတွေအပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး ထောက်လှမ်းရေး မော့ဆက်ရဲ့ ဌာနချုပ်ကို ပစ်မှတ်ထား ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အသစ်တွေ လုပ်ခဲ့ပါတယ်။ လက်ဘနွန်ထဲကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ နောက်ပိုင်း က စပြီး ကလေး ၅၀ အပါအဝင် လူပေါင်း ၅၆၀ ကျော် သေဆုံးခဲ့ ရပြီး ဖြစ်တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဘေရုတ် မြို့မှာလည်း ကျောင်းတွေနဲ့ တခြား အဆောက်အအုံတွေမှာ စစ်ရှောင်နေသူ ထောင်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။ လက်ဘနွန် နိုင်ငံခြားရေး ဝန်ကြီးက လူ ၅ သိန်းလောက် အိုးအိမ်တွေ စွန့်ခွာ ပြေးခဲ့ကြရပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီ နိုင်ငံတကာ ရေးရာ အကြီးတန်း သတင်းထောက် အိုလာဂါရန်က လက်ဘနွန်တောင်ပိုင်းကနေ အခုလို သတင်းပေးပို့ထားပါတယ်။