မိုခါလွန်ပေမဲ့ အံခဲနေရဆဲဗေဒါ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ ဗေဒါ မွတ်ဆလင်ကျေးရွာဟာ မူလက နေအိမ် ၄၀၀ နီးပါးရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်ရဲ့ ပင်လယ်ကမ်းစပ်မှာရှိတဲ့အဲဒီရွာဟာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင် အသက်မွေးကြတာပါ။
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဦးတည်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အဓိကကြုံတွေ့ခံစားခဲ့ရတဲ့ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။
ပင်လယ်ကမ်းခြေကို မေးတင်ထားတာကြောင့် မုန်တိုင်းဝင်ရောက်တဲ့အခါ ပင်လယ်ရေရယ်၊ လူနေအိမ်ရယ်၊ အုန်းပင်တွေရယ်ပဲရှိတဲ့ ဒီရွာလေးဟာ မုန်တိုင်းဦးကို ပထမဆုံးရင်ဆိုင်ခဲ့ရပါတယ်။
လေတိုက်နှုန်း မိုင်ရာချီတိုက်ခတ်တဲ့မုန်တိုင်းနဲ့အတူ ပင်လယ်ရေမျက်နှာပြင်ပါ တစ်ခါတည်း မြင့်တက်လာခဲ့ပြီး တစ်ရွာလုံးကို ရေတွေလွှမ်းမိုးတာ ခံလိုက်ရပါတယ်။

သစ်ဝါးတွေနဲ့ဆောက်လုပ်ထားကြတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေက မုန်တိုင်းအပြီးမှာ ပြိုလဲခဲ့ရသလို နေအိမ် ၁၈၀ လောက်က လုံးဝပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။
လူနေအိမ်တွေရှိခဲ့တဲ့ ကမ်းခြေဘက်ခြမ်းကတော့ သဲသောင်ပြင်တွေအဖြစ်နဲ့ ပင်လယ်ရေလှိုင်းတွေရဲ့ အောက်ကို ရောက်ရှိသွားခဲ့ပါတယ်။
မုန်တိုင်းအတွင်း လူပေါင်း ၂၃ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ရွာသားတွေကပြောဆိုကြပါတယ်။
ထောင်ချီတဲ့ရွာသားတွေကို ဘေးလွတ်ရာနေရာတွေနဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့နေရာတွေမှာ ကြိုတင်ပြောင်းရွှေ့ပေးထားခဲ့ပေမဲ့ ရွာကိုစောင့်ရှောက်ကျန်နေခဲ့ကြတဲ့သူတွေထဲက ဒီရေတက်လာချိန်မှာ သေဆုံးခဲ့ကြရတာလို့ သိရပါတယ်။
ရွာသားတွေရွာပြန်လာချိန်မှာတော့ နေအိမ်တွေတော်တော်များများက မရှိကြတော့ပါဘူး။
စားစရာရိက္ခာတွေလည်း မရှိ၊ နေစရာအိမ်လည်းမရှိတဲ့အခြေအနေနဲ့ အခက်အခဲတွေကို ကြုံနေကြရတဲ့အချိန် သွားလာရေးခက်ခဲတဲ့ကျေးရွာမို့လို့ အကူအညီပေးတဲ့အဖွဲ့တွေလည်း အလွယ်တကူမရောက်နိုင်ခဲ့ကြပါဘူး။
နောက်ပိုင်းမှာတော့ သေဆုံးသူတစ်ဦးကို ကျပ် ၃ သိန်းနဲ့ ဆန်အပါအဝင် ရိက္ခာတချို့ကို စစ်ကောင်စီက ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။

အစ္စလာမ်အသင်းဆီကလည်း ထောက်ပံ့ကူညီမှုတွေရရှိခဲ့ကြတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းတိုက်ခတ်ခဲ့တာ ၂ လကျော်လာခဲ့ပြီဖြစ်ပေမဲ့ နေအိမ်ပျက်စီးသွားခဲ့တဲ့ မိသားစုတွေကတော့ လုံခြုံတဲ့အမိုးအကာအောက်ကို မရောက်ရှိနိုင်ကြသေးပါဘူး။
အကူအညီရရှိကြတဲ့ တာပေါ်လင်စတွေ၊ မိုးကာစတွေနဲ့ပဲ ယာယီတဲတွေဆောက်လုပ်နေထိုင်နေကြရတယ်လို့ ပြောဆိုကြပါတယ်။
သူတို့လုပ်ကိုင်စားသောက်နေကြတဲ့ အထူးသဖြင့် သူတို့ရဲ့လူမှုဘဝတွေအမှီသဟဲပြုကြရတဲ့ ငါးဖမ်းလုပ်ငန်းဟာလည်း ပျက်စီးသွားခဲ့ပါတယ်။
ငါးဖမ်းလှေပေါင်း ၉၀ ကျော်ရှိတဲ့အထဲက တစ်ဝက်ကျော်လောက်ကတော့ ငါးပြန်ဖမ်းနိုင်ကြပြီလို့ သိရပါတယ်။

အဲဒီလှေတွေဟာလည်း မုန်တိုင်းကြောင့် ကျိုးပျက်သွားခဲ့တဲ့လှေတွေကို ပြုပြင်ပြီးတော့ လုပ်ကိုင်နေကြတာလို့ဆိုပါတယ်။ ကျန်တဲ့လှေအစင်းရေ ၄၀ ကျော်ကတော့ အစအနကိုရှာမရတော့ဘဲ ပျောက်ဆုံးခဲ့ကြတာပါ။ လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့အတွက် ပြန်လည်ထူထောင်ဖို့ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
ဆယ်နှစ်လောက် ကြိုးစားစုဆောင်းပြီး ရရှိခဲ့ကြတဲ့ ငါးဖမ်းလှေတွေ၊ ငါးဖမ်းပိုက်တွေ၊ စက်တွေကို သူတို့အနေနဲ့ ပြန်ဝယ်ပြီးလုပ်ကိုင်နိုင်မယ့် အခြေအနေတွေမရှိကြတော့ပါဘူး။
အရင်လိုမျိုး ငါးဖမ်းလုပ်ငန်းတွေ ပြန်လုပ်ကိုင်ကြဖို့အတွက် အချိန်ဘယ်လောက်စောင့်ဆိုင်းကြရမယ်၊ နှစ်ပေါင်းဘယ်လောက် ကြိုးစားကြရဦးမယ်ဆိုတာ ပြောပြဖို့တော်တော်လေးကို ခက်ခဲသွားပြီလို့ ရွာလူကြီးက ဆိုပါတယ်။
လက်ရှိမှာတော့ ငါးဖမ်းလုပ်ငန်းပြန်လုပ်နိုင်တဲ့လှေတွေမှာ အငှားလုပ်တဲ့သူတွေအငှားလိုက်ကြ၊ အများစုကတော့ အနီးဝန်းကျင်တွေမှာ တစ်နေ့စာတစ်နေ့ရှာဖွေ စားသောက်ရင်းနဲ့ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။









