ဗာဂနာအဖွဲ့ခေါင်းဆောင် စျာပန ပူတင် တက်ရောက်ဖို့ မရှိ - သြဂုတ် ၂၉ ညပိုင်း နိုင်ငံတကာသတင်းများ

ရုရှားသမ္မတ ပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပရီဂိုဂျင် စျာပနကို သူ့ဇာတိ ဖြစ်တဲ့ စိန့်ပီတာ စဘတ်မှာ ကျင်းပသွားဖွယ်ရှိ

ရုရှားသမ္မတ ပူတင်ဟာ ဗာဂနာအဖွဲ့ခေါင်းဆောင် ပရီဂေါ့ဂျင်ရဲ့ စျာပနကို တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားအစိုးရက ပြောပါတယ်။

ဒီစျာပနနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် သူတို့ဘာမှ မသိဘူးလို့ မစ္စတာပူတင်ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မစ္စတာ ပရီဂေါ့ဂျင်နဲ့ သူ့လက်ထောက် ဒီမစ်ထရီ အူကင် အပါအ၀င် နောက်ထပ် လူ ၈ ယောက်ဟာ သူတို့လိုက်ပါလာတဲ့ လေယာဉ် ပျက်ကျ သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

သူ့ဇာတိ ဖြစ်တဲ့ စိန့်ပီတာစဘတ်မြို့မှာ မစ္စတာ ပရီဂေါ့ဂျင်ကို သင်္ဂြိုဟ်သွားဖွယ် ရှိပါတယ်။

ရုရှား အစိုးရကတော့ မစ္စတာ ပရီဂေါ့ဂျင် သေဆုံးမှုမှာ သူတို့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ဆိုထားပါတယ်။

သူခေါင်းဆောင်တဲ့ ဗာဂနာ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ လတုန်းက မော်စကိုမြို့ကို ချီတက်သွားပြီး စစ်ပုန်ကန်ဖို့ ကြိုးစားခဲ့ပါတယ်။

ဆူဒန်စစ်တပ် တံတားပေါ် ဗုံးကြဲလို့ လူ ၃၉ ယောက်သေ

ဒါဖာတောင်ပိုင်း အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဒန် စစ်တပ် အကြီးအကဲ Abdel Fattah al-Burhan

ဆူဒန် ဒါဖော ဒေသမှာ နီယာလာ မြို့ တံတားကို စစ်တပ်က ဗုံးကြဲခဲ့ပြီးနောက် အနည်းဆုံး လူ၃၉ ယောက် သေဆုံးသွားတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

မျက်မြင်တွေ အပြောအရ တံတားပေါက်ကွဲမှု ဖြစ်ချိန်မှာ တိုက်ပွဲကြား အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ဒါဇင်နဲ့ချီ ဘေးလွတ်ရာ ရှောင်ပြေးခိုအောင်းနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အခုအချိန်မှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဆူဒန်မှာ စစ်တပ်နဲ့ စစ်တပ်က ခွဲထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ RSF အကြား တိုက်ပွဲတွေ ဒါဖော တောင်ပိုင်းမှာ ပိုမိုပြင်းထန်နေပါတယ်။

အခု သြဂုတ်လ အစောပိုင်းကတည်းက အခင်းဖြစ်ရာ နီယားလားမြို့ကနေ ထွက်ပြေးလာသူ ငါးသောင်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

တောင်ကိုရီးယား သင်းအုပ်ဆရာ လိင်စော်ကားမှု သံသယနဲ့ အဖမ်းခံရ

တောင် မြောက် ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်မှုနဲ့ တောင်ကိုရီးယား သင်းအုပ်ဆရာကို ဖမ်းဆီးထား

မြောက်ကိုရီးယားက ထောင်နဲ့ချီ ဘက်ပြောင်း ခိုလှုံလာသူတွေကို အကူအညီပေးတဲ့ တောင်ကိုရီးယား သင်းအုပ်ဆရာဟာ လိင်အကြမ်းဖက်မှု သံသယနဲ့ အဖမ်းခံထားရပါတယ်။

နာမည်ထဲမှာ Chun ဆိုတဲ့ စာလုံး ပါသူ အမျိုးသားတယောက်ဟာ မြောက်ကိုရီးယားက ထွက်ပြေးလာသူ ငယ်ရွယ်သူ အနည်းဆုံး ၆ယောက်လောက်ကို လိင်စော်ကားမှု ကျူးလွန်ခဲ့တယ်လို့ ယူဆကြောင်း ဆိုးလ်မြို့က စုံစမ်းစစ်ဆေးရေး ရဲက ပြောပါတယ်။

သူဟာ အသက် ၆၀ ဝန်းကျင်ရှိ ၊ ကျောင်းအိပ်ကျောင်းစား ကျောင်းတခုက ကျောင်းအုပ် တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အပေါ် စွပ်စွဲချက်နဲ့ ပတ်သက်လို့ သင်းအုပ်ဆရာကတော့ လူသိရှင်ကြား တုံ့ပြန်တာ မရှိသေးပါဘူး။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းရဲ့ အမှုတခုကို တရားရုံးက ဆိုင်းငံ့ခွင့်ပေး

ပါကစ္စတန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း

ပါကစ္စတန်မှာ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းအပေါ် အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ချမှတ်ထားကို တရားရုံးက ဆိုင်းငံ့ပေးလိုက်ပါတယ်။

နိုင်ငံအတွက် ရထားတဲ့လက်ဆောင်ကို ဒေါ်လာ ၆သိန်းနဲ့ ရောင်းချပစ်တဲ့ ကိစ္စကို ကွယ်ဝှက်ထားမှုနဲ့ သူ့မှာ အပြစ်ရှိကြောင်း စီရင်ခဲ့တာပါ။

မစ္စတာခန်းကို အစ္စလာမ်မာဘတ် တရားရုံးချုပ်က အယူခံကြားနာတဲ့အထိ အာမခံပေးခဲ့ပေမယ့် ဒီနေ့ချက်ချင်း သူလွတ်လာဖို့တော့ မရှိသေးပါဘူး။

သူ့အပေါ် စွဲဆိုထားတဲ့ တခြားအမှုတွေကို ပိတ်သိမ်းနိုင်ဖို့ သူ့ရှေ့နေတွေ ကြိုးစားလျက် ရှိပါတယ်။

မနေ့ တနင်္လာနေ့တုန်းကတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ မစ္စတာခန်းအပေါ် စွဲဆိုထားမှုကို ပယ်ဖျက်ပေးလိုက်ပါတယ်။