အာဖဂန် ငလျင်ကြောင့် လူရာချီသေဆုံးတဲ့သတင်းအပါအဝင် အောက်တိုဘာ ၈ ရက်ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်းထန်လှတဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဟာရက် ပြည်နယ်မှာ အပျက်အစီး ပုံတွေအောက်က လူတွေကို ဆွဲထုတ်နိုင်ရေးအတွက် ကယ်ဆယ်ရေး တွေကို အချိန်လုပြီး လုပ်ဆောင်နေရပါတယ်။
မနေ့က ရစ်ချတာ စကေး ၆.၃ အထိ ပြင်းတဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေ ကြောင့် ထောင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေကို ကုသပေးနိုင်ဖို့ ဒေသခံ ကျန်းမာရေးဌာန တွေ ကြိုးစား ရုန်းကန်နေရ ပါတယ်။
အနည်းဆုံး ရွာ ပေါင်း ၁၂ ရွာ ပျက်စီး သွားခဲ့ရပါတယ်။
အတည်မပြုနိုင်တဲ့ စာရင်းတွေအရ လူပေါင်း ရာနဲ့ ချီသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အကူအညီပေးရေး အေဂျင်စီတွေက ကျန်းမာရေးအဖွဲ့ တွေကို အရေးပေါ် အကူအညီတွေနဲ့ အတူစေလွှတ်ထားပါတယ်။
ဒါပေမဲ့ ငလျင်ဒဏ်ကြောင့် မြေတွေပြိုကျပြီး လမ်းတွေ ပိတ်ကုန်တာကြောင့် ငလျင်ဒဏ် ခံရတဲ့ ဝေးခေါင်လှတဲ့ နေရာတချို့ဆီကို အကူအညီပေးရေး အေဂျင်စီ တွေ သွားနိုင်ဖို့ ကြိုးစားနေကြရဆဲပါ။
ကာလီဖိုးနီးယားမှာ ဟိန္ဒူဇာတ်ခွဲခြားတာကို ပိတ်ပင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟိန္ဒူ မျိုးရိုး ဇာတ်ခွဲခြားမှုကို တားမြစ်တဲ့ ဥပဒေကြမ်းကို အမေရိကန်နိုင်ငံ ကာလီ ဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးက ဗီတိုအာဏာကို အသုံးချပြီး အတည်ပြု လိုက်ပါတယ်။
တောင်အာရှက ဟိန္ဒူ ပြောင်းရွှေ့ဝင်ရောက်လာသူတွေရဲ့ အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ ဒီဥပဒေကြမ်းကို ကာလီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေပြုရေးအဖွဲ့က မကြာခင်ကပဲ အတည်ပြုထားပြီး ပြည်နယ်အုပ်ချုပ်ရေးပိုင်းကို တင်ပြထားခဲ့ပါတယ်။
အမေရိကန် ကို အထူးသဖြင့် ကာလီဖိုးနီးယားကို ရွှေ့ပြောင်းဝင်ရောက်လာတဲ့ အိန္ဒိယနွယ်ဖွားတွေ ကြားမှာ မျိုးရိုးဇာတိအပေါ်မူတည်ပြီး ဇာတ်ခွဲခြားမှုကို ရင်ဆိုင်နေကြရတာကြောင့် လှုပ်ရှားတက်ကြွသူတွေက ဒါတွေကို တားမြစ်ဖို့ ကာလရှည်ကြာစွာတောင်းဆိုလာခဲ့တာပါ။
ဒီ ဇာတ်ခွဲခြားမှု စနစ်က အမေရိကန်နိုင်ငံတွင်းက အကြီးဆုံး နည်းပညာကုမ္ပဏီ တချို့ ထဲမှာတောင် ရှိနေတယ်လို့ သိရပါတယ်။
ဒီလို ဇာတ်ခွဲခြားမှုက အိန္ဒိယမှာ ၁၉၄၈ ခုနှစ်ကတည်းက ဥပဒေနဲ့ တားမြစ် ထားပြီးဖြစ်ပေမယ့် ဒီ ဟိန္ဒူ ဇာတ် ခွဲခြားမှု စနစ်ဟာ တချို့နေရာတွေမှာ မပျောက် ကွယ်ဘဲ ကျန်ရှိနေပါသေးတယ်။
အီဂျစ်မှာ အစ္စရေး ခရီးသွား ၂ ယောက် သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီဂျစ်မှာ အစ္စရေး ခရီးသည် ၂ ယောက်နဲ့ ဧည့်ကြို ခရီးသွားလမ်းညွှန် အီဂျစ် တယောက် ပစ်သတ်တာ ခံရတယ်လို့ အစ္စရေး နိုင်ငံခြားရေး ဌာနက အတည်ပြု ပြောပါတယ်။
အလက်ဇန်းဒီးယား မြို့က ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ လှည့်လည် ကြည့်ရှုနေကြတဲ့ အစ္စရေး ခရီးသွားအဖွဲ့ တိုက်ခိုက်တာ ခံခဲ့ရတာလို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။
အဲဒီ ခရီးသွားအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်တဲ့ အီဂျစ် ရဲတပ်ဖွဲ့ဝင် တယောက်ကို ဖမ်းဆီး မိထားတယ်လို့ အီဂျစ် နိုင်ငံက မီဒီယာတွေထဲမှာ ဖော်ပြနေကြပါတယ်။








