ရန်ကုန် စက်မှုဇုန်တွေ မီးပုံမှန်ရဖို့ ဓာတ်အားခ နှစ်ဆတိုးပေးကြရမလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းတွေရဲ့ အဓိကနေရာတခုဖြစ်တဲ့ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကစလို့ တရက်ကို လျှပ်စစ်မီး ၂ နာရီဝန်းကျင်သာရနေတယ်လို့ လုပ်ငန်းရှင်နဲ့ အလုပ်သမားအသိုင်းအဝိုင်းဆီက သိရပါတယ်။
အဲ့ဒါကြောင့် စက်မှုဇုန်တွေမှာ ၂၄ နာရီလုံး လျှပ်စစ်မီးရဖို့ အခုမေလဆန်းပိုင်းကစပြီး လုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေ စက်မှုဇုန်အလိုက် ဆွေးနွေးနေကြပါတယ်။
၂၄ နာရီလျှပ်စစ်မီးရလိုရင် လျှပ်စစ်မီတာခကို မူလနှုန်းထားရဲ့ နှစ်ဆကျော်ဖြစ်တဲ့ တယူနစ်ကို မြန်မာငွေကျပ် ၄၀၀ ကနေ ၅၀၀ အထိ ပေးဖို့ လုပ်ငန်းရှင်တွေအနေနဲ့ သဘောတူ၊ မတူဆန္ဒတောင်းခံတယ်ဆိုပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESCဘက်က တင်ပြလာတယ်လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေကို အသိပေးချက်ဆိုတဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်က YESC ရဲ့ ထုတ်ပြန်ချက်မှာဆိုရင်လည်း ဓာတ်အားလိုင်းတွေရဲ့ တာဝါတိုင်တွေ အကြိမ်ကြိမ် ဖျက်ဆီးခံရတာကြောင့် ဓာတ်အားထုတ်လွှတ်နိုင်မှုလျော့နေတယ်လို့ ဆိုသလို သုံးစွဲမှုမမျှတတာကြောင့် အလှည့်ကျဝန်အားလျှော့ချနေရတယ်လို့ တရားဝင်ပြောထားပါတယ်။
စက်မှုဇုန်တွေက ဓာတ်အားခ တိုးပေးမှ လျှပ်စစ်မီး တိုးရဖို့ ရှိတာကြောင့် စက်မှုဇုန်တွေဘက်က တိုးပေးကြဖို့ ရှိတယ်လို့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စက်မှုဇုန်တွေရဲ့ မြေပြင်အခြေအနေကို ကြည့်ရင်လည်း လက်ရှိမှာ လျှပ်စစ်မီးမမှန်တာကြောင့် လောင်စာဆီနဲ့ မီးစက်အစားထိုးအသုံးပြုနေရလို့ဆိုပြီး အလုပ်သမားတွေကို အလုပ်ချိန်လျော့တာ၊ အချိန်ပိုမဆင်းရတာတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
ဒီလိုအလျှော့ခံရတာကြောင့် အလုပ်သမားတွေမှာ လုပ်ခလစာမလုံလောက်တဲ့ ပြဿနာရင်ဆိုင်နေရတာဖြစ်ပါတယ်။
အခုဆွေးနွေးနေတဲ့အတိုင်း ၂၄ နာရီ လျှပ်စစ်မီးပုံမှန်ပြန်ရရင် အရင်လို အလုပ်ချိန်ပြည့် ပြန်လုပ်ရနိုင်ခြေရှိပေမဲ့ အလုပ်သမားတွေ အလုပ်ရှင်ဆီ တောင်းဆိုနေကြတဲ့ လုပ်ခလစာ တိုးပေးရေးမှာတော့ အခက်ကြုံရနိုင်ခြေရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုသူရိန်အောင်က ထောက်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လျှပ်စစ်မီးရရှိရေးမှာ လုပ်ငန်းရှင်တွေကဘက်က အသုံးစရိတ်တွေ ပိုသုံးနေရတယ်ဆိုတဲ့ အကြောင်းပြချက် ပိုခိုင်မာသလို ဖြစ်သွားတာကြောင့် အလုပ်သမားတွေကို လုပ်ခလစာ တိုးပေးဖို့ အလားအလာ နည်းသွားပြီဆိုတာမျိုး ပြောနိုင်တယ်လို့ သူက ဆိုပါတယ်။
အခုလိုစက်မှုဇုန်တွေမှာ မီတာခ ၂ ဆ ကျော်ပေးပြီး ၂၄ နာရီမီးရဖို့အတွက် ရန်ကုန်စက်မှုဇုန်တွေမှာ အဓိကထားဆွေးနွေးနေကြတာလို့ လျှပ်စစ်ဝန်ကြီးဌာနဘက်က သိရပါတယ်။
အာဏာပိုင်တွေဘက်က ဘယ်လိုပုံစံမျိုးနဲ့ ၂၄ နာရီမီးရနိုင်ဖို့ ဆောင်ရွက်ပေးမလဲဆိုတာကို မေးမြန်းနိုင်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC တာဝန်ရှိသူကို ဘီဘီစီက ဆက်သွယ်နေခဲ့ပေမဲ့ ဒီကနေ့ ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။
ဆွေးနွေးနေတဲ့အတိုင်းသာ မီတာခ ၂ ဆကျော်ပေးပြီး စက်မှုဇုန်တွေက ကုန်ပစ္စည်းထုတ်လုပ်လာပါက ကုန်ကျစရိတ်ပိုတိုးလာကြောင့် ကုန်စျေးနှုန်းတွေ အခုထက်ပိုပြီး ဆက်တိုက်တက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။








