နမိုးနီးယား အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာ အချက် ၅ ချက်

 နမိုးနီးယား၊ အဆုတ်ရောင်ရောဂါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံက ကလေးဆေးရုံတွေမှာ နာမကျန်း ဖြစ်နေတဲ့ ကလေးငယ်တွေနဲ့ ပြည့်နေခဲ့

အမန် ခါဝါဂျာ၊ အစ္စရိယ ပရိုင်တွန်ဂျယမ်

ဘီဘီစီသတင်းဌာန

လတ်တလော ရက်ပိုင်းတွေအတွင်း ကမ္ဘာတစ်ဝန်းမှာ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ အလားတူတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ မကြုံစဖူး တိုးပွားလာနေပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံမှာ တုတ်ကွေးရောဂါ၊ ကိုဗစ်ရောဂါနဲ့ ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်တဲ့ရောဂါ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အတော်များများ တိုးပွားလာနေတယ်လို့ တရုတ်အစိုးရ ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံမှာ လူတွေကို အထိတ်တလန့် ဖြစ်စေခဲ့တဲ့ အဲဒီလို အဆုတ်ရောင်တဲ့ ကလေးတွေမှာ ပုံမှန်မဟုတ်တဲ့ ရောဂါပိုးမျိုးကို ကျန်းမာရေးအာဏာပိုင်တွေက စစ်ဆေး တွေ့ထားတာမျိုး မရှိဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ပိုင်းမှာ ပြောပါတယ်။

ကိုဗစ်တင်းကျပ်မှုတွေကြောင့် ကိုယ်ခံအား ကျဆင်းမှုတွေ ဖြစ်နေကြတဲ့ တရုတ်နိုင်ငံမှာ အခုချိန်ဟာ လော့ခ်ဒေါင်းကာလအပြီး ပထမဆုံး ဆောင်းရာသီ ဖြစ်ပါတယ်။

ဒီ နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုတွေဟာ လူတွေအကြား မရောနှောစေပဲ သီးသန့် ခွဲထားခံရတဲ့ ကလေးငယ်တွေမှာ ကိုယ်ခံအား ကျဆင်းနေမှုနဲ့ ဆက်နွှယ်နေပြီး ရောဂါပိုး ပြန်ထလာချိန်မှာ အစုလိုက်အပြုံလိုက် ရောဂါကူးခဲ့ကြတာလို့ WHO အဖွဲ့ကြီးက ပြောပါတယ်။

ယူကေ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေ မှာလည်း ကိုဗစ် ကန့်သတ်မှုတွေ ပြန်ရုတ်သိမ်းခဲ့ပြီးချိန်ကစလို့ တုတ်ကွေးနဲ့ ပုံစံတူတဲ့ ရောဂါဖြစ်ပွားမှုတွေ တွေ့နေရပါတယ်။

နမိုးနီးယားရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ ကလေးငယ်တွေ အသက်ဆုံးရှုံးစေတဲ့ အကြီးမားဆုံး ရောဂါကူးစက်မှုကြီး ဖြစ်တယ်လို့ WHO က ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ဒီရောဂါကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၇ သိန်းခွဲနီးပါး သေဆုံးခဲ့ရပြီး ဒါဟာ အဲဒီအသက်အရွယ် ကလေးငယ် သေဆုံးမှု စုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်း ဖြစ်ပြီး အာရှဒေသတောင်ပိုင်းနဲ့ ဆာဟာရ အာဖရိကဒေသမှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အောက်ပါအချက်တွေကတော့ အဆုတ်ရောင် နမိုးနီးယားရောဂါ နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက် ၅ ချက် ဖြစ်ပါတယ်။

 နမိုးနီးယား၊ အဆုတ်ရောင်ရောဂါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နမိုးနီးယား ရောဂါဟာ ကလေးတွေမှာ အထူးသဖြင့် မီးတွင်းကာလနဲ့ မွေးဖွားပြီးပြီးချင်း အချိန်မျိုးမှာ သွေးကနေတဆင့် ကူးစက်တတ်ပါတယ်။

နမိုးနီးယား ဆိုတာ ဘယ်လိုရောဂါလဲ

ပုံမှန်အားဖြင့် နမိုးနီးယား ရောဂါဟာ ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ တစ်မျိုး ဖြစ်တယ်လို့ ကူးစက်ရောဂါဆိုင်ရာ နိုင်ငံတော် ဖောင်ဒေးရှင်းအဖွဲ့(NFID) က ဆိုပါတယ်။

ဘယ်သူမဆို နမိုးနီးယား ရောဂါ ဖြစ်နိုင်ပေမဲ့ တချို့လူတွေကတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ဒါမှမဟုတ် နှလုံး၊ ဆီးချို၊ အဆုတ်ရောဂါ ရှိသူတွေ၊ ကိုယ်ခံအားစနစ် ကျဆင်းစေတဲ့ ရောဂါရှိသူတွေနဲ့ ကင်ဆာရောဂါသည် တချို့ကတော့ နမိုးနီးယားရောဂါ ဖြစ်ဖို့ အန္တရာယ် ပိုများပါတယ်။

နမိုးနီးယား ရောဂါလက္ခဏာတွေက ဘာတွေလဲ

  • အဖျားရှိမယ်
  • ချမ်းမယ်
  • ချောင်းဆိုးမယ်
  • အသက်ရှူ မဝ ဖြစ်မယ်
  • အားနည်းမယ်

ဒါပေမဲ့ နမိုးနီးယားရောဂါကနေ နောက်ဆက်တွဲ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာ၊ သွေးဆိပ်သင့်တာမျိုး ဖြစ်လာတတ်ပြီး အသက်သေဆုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။

ဆိုးဝါးတဲ့ ရောဂါကူးစက်မှုမျိုး ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် စောစောစီးစီး ဆရာဝန်နဲ့ပြပြီး ပျောက်ကင်းအောင် ကုသဖို့က အရေးကြီးပါတယ်။

  • အသက်ရှူရ ခက်ခဲလာရင်
  • နှုတ်ခမ်းတွေ၊ လက်ထိပ်တွေ ပြာလာရင်
  • ရင်ဘတ်အောင့်လာရင်
  • အဖျားကြီးလာရင်
  • သလိပ်ပါတဲ့ချောင်း အကြီးအကျယ် ဆိုးနေရာကနေ တဖြည်းဖြည်း ပိုဆိုးလာရင်

အထက်ပါ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်တယ်လို့ အမေရိကန် အဆုတ်ရောဂါကာကွယ်ရေး အဖွဲ့ကြီးက ပြောပါတယ်။

နမိုးနီးယားရောဂါ ဘယ်လို ပျံ့နှံ့ ကူးစက်သလဲ

နမိုးနီးယားရောဂါက နည်းပေါင်းများစွာနဲ့ ပျံ့နှံ့ ကူးစက်နိုင်ပါတယ်။

ကလေးတွေရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းမှာ တွေ့ရလေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေက အသက်ရှူသွင်းရာကနေတစ်ဆင့် အဆုတ်ထဲကို ရောက်သွားနိုင်ပါတယ်။

ဒါ့အပြင် ချောင်းဆိုး၊ နှာချေရာကနေ ထွက်လာတဲ့ အမှုန်စက်လေးတွေ ကနေ လေထဲကတစ်ဆင့် ရောဂါပိုး ကူးနိုင်သလို ရောဂါပိုး ရှိနေတဲ့ အရာဝတ္တု ပစ္စည်းတွေကို ထိမိ၊ကိုင်မိရာကနေလည်း ကူးစက်နိုင်ပါတယ်။

နမိုးနီးယားရောဂါ ဖြစ်စေတဲ့ မတူကွဲပြားတဲ့ ရောဂါပိုးအမျိုးမျိုး အကြောင်းနဲ့ သူတို့ ဘယ်လို ကူးစက်သလဲ ဆိုတာကို လေ့လာမှုတွေ ပိုလုပ်ဖို့ လိုနေပါတယ်။ ဒါဟာ ရောဂါကုသဖို့နဲ့ ကြိုတင်ကာကွယ်ဖို့ အတွက် သိပ်ကို အရေးပါလို့ ဖြစ်ပါတယ်။

 နမိုးနီးယား၊ အဆုတ်ရောင်ရောဂါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နမိုးနီးယား ရောဂါဟာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ မှိုပိုး တစ်မျိုးမျိုး ကူးစက်ရာကနေ အဆုတ်ရောင်လာစေတဲ့ ရောဂါ ဖြစ်ပါတယ်။

နမိုးနီးယား ရောဂါကို ဘယ်လို ကုမလဲ

တကယ်လို့ ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ကုနိုင်ရင် ပဋိဇီဝ ပိုးသတ်ဆေး သုံးပြီး ဒီရောဂါကို ကုဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။ တချို့လူတွေကတော့ ပဋိဇီဝ ပိုးသတ်ဆေး လိုချင်မှ လိုပါလိမ့်မယ်။

အများစုက သီတင်း နှစ်ပတ်ကနေ လေးပတ်အတွင်း ပြန်သက်သာ သွားတတ်ကြပါတယ်။

ဒါပေမဲ့ တချို့လူတွေကတော့ အကြီးအကျယ် နာမကျန်း ဖြစ်လာနိုင်ပြီး ဆေးရုံတက် ကုဖို့ လိုကောင်း လိုနိုင်ပါတယ်။

ဆေးရုံမှာတော့ သူတို့ကို အကြောဆေးနဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးလေ့ရှိပြီး အသက်ကောင်းကောင်း ရှူနိုင်အောင် အောက်ဆီဂျင် ပေးတာမျိုးလည်း လုပ်လေ့ရှိပါတယ်။

ဒါ့အပြင် တခြားရောဂါဝေဒနာတွေ ရှိမရှိ စစ်ဆေးဖို့အတွက် ရင်ဘတ်ကို ဓာတ်မှန်ရိုက်တာမျိုး၊ သွေးစစ်တာမျိုးတွေ လုပ်ကောင်းလုပ်ပါလိမ့်မယ်။

နမိုးနီးယား ရောဂါ မကူးစက်အောင် ဘယ်လိုရှောင်ရှားနိုင်မလဲ

ကြိုတင်ကာကွယ်နိုင်မယ့်နည်းတွေ အတော်များများ ရှိပါတယ်။

နမိုးကိုကပ်စ် ဘက်တီးရီးယား ဒါမှမဟုတ် တုတ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နမိုးနီးယားရောဂါကို ကာကွယ်ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်ဆေးတွေက နမိုးနီးယားရောဂါ အားလုံးကိုတော့ မကာကွယ်နိုင်ဘူးလို့ အမေရိကန်နိုင်ငံ နှလုံး၊ အဆုတ်နဲ့ သွေး ရောဂါကာကွယ်ရေးအဖွဲ့ကြီးက ဆိုပါတယ်။

  • လက်ကိုမကြာခဏ ဆေးခြင်းအားဖြင့် တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ကိုယ်ခံအားစနစ် ကောင်းအောင် လုပ်ပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားပါ။

နမိုးနီးယား ရောဂါကြောင့် အကြီးအကျယ် နာမကျန်း ဖြစ်လာနိုင်မယ့် အန္တရာယ်ရှိနေသူတွေအနေနဲ့ နမိုးနီးယား ကာကွယ်ဆေး ထိုးထားကြဖို့ ယူကေ ကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က အကြံပြုထားပါတယ်။

ဒီကာကွယ်ဆေးဟာ ဦးနှောက် အမြှေးရောင်ရောဂါနဲ့ သွေးဆိပ်သင့်တဲ့ ရောဂါလို ဆိုးဝါးတဲ့ ရောဂါမျိုးတွေ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုတချို့ကနေလည်း ကာကွယ်နိုင်ပါတယ်။