ဂါဇာကို ဗုံးကြဲမယ်လို့ အစ္စရေးပြောချိန် ညလုံးပေါက်တိုက်ခိုက်မှုမှာ လူ ၅၅ ဦးသေဆုံးတယ်လို့ ဟားမတ်စ်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ကို လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်နေပြီး ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ တောင်ပိုင်းကို တိမ်းရှောင်ဖို့လည်း သတိပေးချက်အသစ် ထပ်ထုတ်လိုက်ပါတယ်။
အစ္စရေးစစ်တပ်ပြောခွင့်ရသူတစ်ဦးကတော့ ဒါမှသာ အစ္စရေးအနေနဲ့ ‘’စစ်ပွဲနောက်အဆင့်တွေမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုနည်းနိုင်သမျှနည်းစေမှာ’’လို့ သတင်းထောက်တွေကို ပြောပါတယ်။
မြေပြင်ထိုးစစ်အတွက် ဂါဇာနဲ့နယ်စပ်ကို အစ္စရေးဘက်က တင့်ကားတွေနဲ့ တပ်ဖွဲ့တွေကို ဖြန့်ကြက်နေပေမဲ့ ဖြစ်လာနိုင်ခြေရှိတဲ့အဲဒီထိုးစစ် ဘယ်အချိန်စတင်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အစ္စရေးစစ်တပ်က သိမ်းပိုက်ထားတဲ့ သီးခြားနယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဘက်ကမ်း(West Bank) မှာ ဟားမတ်စ်အဖွဲ့ရဲ့ နေရာတစ်ခုကို လေကြောင်းတိုက်ခိုက်ထားတယ်လို့လည်း အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။
စနေနေ့မှာတော့ ပြီးခဲ့တဲ့ ၂ ပတ်တုန်းက အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အနေနဲ့ အီဂျစ်နိုင်ငံနယ်စပ်ဘက်ခြမ်းကနေ ဂါဇာထဲကို အကူအညီတွေ ဝင်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့တွေကတော့ ဂါဇာက အခြေအနေတွေဟာ ဆိုးရွားနေတယ်လို့ ပြောဆိုပြီး အပစ်ရပ်ကြဖို့ တိုက်တွန်းနေပါတယ်။
အကူအညီကားတွေ ဂါဇာကို ဒုတိယအကြိမ်ဝင်
ရာဖာနယ်စပ်ဖြတ်ကျော် စခန်းကို ကျော်ပြီး အကူအညီပေးရေးကား ၁၇ စီး ဂါဇာကမ်းမြောင် တောင်ပိုင်းကို ဝင်သွားခဲ့တယ်လို့ အီဂျစ် သတင်းမီဒီယာတွေက ပြီးခဲ့တဲ့ နာရီပိုင်းမှာပဲ သတင်းဖော်ပြပါတယ်။
နယ်စပ်ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ရုပ်သံသတင်းတင်ဆက်မှုတွေမှာတော့ ထရပ်ကားတွေနဲ့ ကုလသမဂ္ဂ တံဆိပ်တပ်ထားတဲ့ယာဥ်တစ်စီးတန်းစီနေတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီယာဥ်တွေ နယ်စပ် ကို ဖြတ်သွားပြီလားဆိုတာ ရှင်းလင်းလင်းလင်း မသိရသေးပါဘူး။
ဆေးဝါးအကူအညီ၊ အစားအစာနဲ့ ရေတွေပါတဲ့ ကားကြီး အစီး ၂၀ ဟာ မနေ့က ရာဖာနယ်စပ်ကို ဖြတ်ပြီး ဂါဇာထဲ ဝင်ခဲ့ပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ ဂါဇာကို တစ်နေ့ကို အကူအညီကား အစီးရေ ၁၀၀ လောက် ဝင်နေခဲ့ရာကနေ အခုလို ဆယ်ချီပမာဏဟာ မလုံလောက်ဘူးလို့ ပြောနေသလို ဂါဇာဟာ အသူရာချောက်ထဲ တွန်းပို့ခံနေရတယ်လို့ သတိပေးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဂါဇာမှာ ညလုံးပေါက် တိုက်ခိုက်ခံရမှုအတွင်းသေဆုံးသူ ၅၅ ဦးရှိတယ်လို့ ဟားမတ်စ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာမှာ အစ္စရေးက ညလုံးပေါက်ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အနည်းဆုံး လူ ၅၅ ဦးသေဆုံးတယ်လို့ဆိုပြီး ဟားမတ်စ်အဖွဲ့က ပြောတယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးတပ်ဖွဲ့တွေရဲ့မြေပြင်ထိုးစစ်ဆင်မှုအတွက် ပြင်ဆင်နေချိန် လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်မယ်လို့ အစ္စရေး စစ်တပ်ပြောခွင့်ရသူက ပြောကြားပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိမ်အလုံးရေ ၃၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ပြောခွင့်ရ ဒန်နီယယ် ဟာဂါရီကတော့ တိုက်ခိုက်မှုတွေဟာ လက်ရှိ ဂါဇာနဲ့နယ်စပ်မှာ စုပြုံရောက်နေပြီဖြစ်တဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေအတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောပါတယ်။ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအရပ်သားတွေအနေနဲ့ ဂါဇာမြို့ကနေ ထွက်ခွာဖို့ကိုလည်း သူကပြောပါတယ်။
သီးခြားအနေနဲ့ အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ လူသေဆုံးတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။ နောက်ဆုံးတိုက်ခိုက်မှုလုပ်ထားတဲ့နေရာဟာ ဂျနင်းမြို့ဖြစ်ပြီး အစ္စရေး စစ်တပ်ကတော့ အကြမ်းဖက်သမားတွေ ကွပ်ကဲရေးနေရာလို့သုံးနှုန်းပြောဆိုပါတယ်။
အနောက်ဘက်ကမ်း ဂျနင်းမြို့မှာ တိုက်ခိုက်ခံရမှုအပြီး အခြေအနေ
အစ္စရေးက အနောက်ဘက်ကမ်း(West Bank) မှာရှိတဲ့ ဂျနင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုအပြီး အခြေအနေကိုပြသတဲ့ ရိုက်တာသတင်းဌာနရဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးရဲ့ ဒုံးကျည်တွေဟာ ဂျနင်းမြို့က ဗလီတစ်ခုကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကတော့ ‘‘အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဥ်ချတဲ့နေရာမှာ ဒီဗလီကို ကွပ်ကဲရေးဌာနအနေနဲ့အသုံးချနေတယ်’’ လို့ သူတို့ရဲ့ထောက်လှမ်းရေးသတင်းတွေရခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနေရာ တိုက်ခိုက်မှုမှာ လူ ၂ ဦးသေဆုံးတယ်လို့ ဒေသန္တရကျန်းမာရေးအကူအညီပေးသူတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လူသေဆုံးမှုနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုရသေးပါဘူး။
အကူအညီကား အစီး ၂၀ ဟာ ‘‘သမုဒ္ဒရာထဲကို ရေအစက်ချရုံသာ’’လို့ ကုလအဖွဲ့တွေပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အပစ်ရပ်ဖို့ ကုလသမဂ္ဂ အေဂျင်စီတွေက ပြောလာပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP)နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တို့ဟာ ဂါဇာက အခြေအနေဟာ ‘‘အတော်လေးကို ဆိုးရွားနေတယ်’’ လို့ ကြေညာချက်ပူးတွဲထုတ်ပြန်တဲ့အဖွဲ့တွေဖြစ်ပါတယ်။
စနေနေ့တုန်းကတော့ အီဂျစ်နယ်စပ်ကို ဖြတ်ပြီး ဂါဇာထဲကို အကူအညီပေးရေးကား အစီး ၂၀ သီတင်း ၂ ပတ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်သွားပြီဖြစ်ပါတယ်။
ဒါပေမဲ့ ဂါဇာအရေးလှုပ်ရှားသူတွေကတော့ ဖာရာနယ်စပ်ဖြတ်ကျော်စခန်းကနေ ဝင်လာတဲ့အကူအညီဟာ တကယ်လိုအပ်တာထက်စာရင် ‘သမုဒ္ဒရာထဲက ရေတစ်စက်ပဲ’’ ရှိတယ်လို့ ခိုင်းနှိုင်းပြောဆိုနေပါတယ်။
စစ်ပွဲမတိုင်ခင်တုန်းက ဂါဇာကို တနေ့မှာ အကူအညီပေးရေးကား အစီး ၅၀၀ လောက်အထိ ဝင်ရောက်နေတာလို့ ActionAid Palestine အဖွဲ့က ပြောခွင့်ရသူက ပြောပါတယ်။
အကူအညီပေးရေးယာဥ်တန်း ဂါဇာကို ဒီနေ့ ထပ်ဝင်နိုင်ဖို့ ကုလသမဂ္ဂ မျှော်လင့်
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကြီးအကဲ မာတင် ဂရစ်ဖစ်က ဂါဇာကမ်းမြောင်ကို အကူအညီပေးရေးယာဥ်တန်း ဒီနေ့မှာ ဒုတိယအကြိမ်ဝင်ရောက်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောလာပါတယ်။
နောက်ထပ် အကူအညီပေးရေးယာဥ်တန်းကို ဝင်ခွင့်ပေးနိုင်တဲ့အခြေအနေရှိတယ်လို့ သူက မနေ့တုန်းက ပြောထားတာပါ။ ‘’နည်းနည်းလေး ပိုများနိုင်တယ်။ ကားအစီး ၂၀ ကနေ ၃၀ အထိလောက်ပေါ့’’ လို့ သူက ဝင်ရောက်နိုင်ခြေကို ပြောပြပါတယ်။
စနေနေ့တုန်းကတော့ ရာဖာနယ်စပ်ဂိတ်ကိုဖြတ်ပြီး အကူအညီပေးရေး ကား အစီး ၂၀ ဂါဇာထဲကို ဝင်ရောက်ခွင့်ရခဲ့ပါတယ်။
အကူအညီပေးရေးအဖွဲ့တွေကတော့ ဒီပမာဏဟာ သမုဒ္ဒရာထဲက ရေတစ်စက် ပမာဏပဲ ရှိတယ်လို့ ပြောထားပါတယ်။
အဲဒီကားတွေဟာ ဟားမတ်စ်ရဲ့ရုတ်တရက်တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အစ္စရေးက ဂါဇာကို ပိတ်ဆို့မှု လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကတည်းက ဒေသတွင်းကို ရောက်နေတာဖြစ်ပါတယ်။
ပါလက်စတိုင်း ထောက်ခံဆန္ဒဖော်ထုတ်မှုတွေ အမေရိကန်မှာပေါ်ပေါက်
အစ္စရေးက ဂါဇာကို လက်တုံ့ပြန်လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်မယ်လို့ပြောနေချိန်မှာပဲ ပဋိပက္ခမှာ ကြားညပ်နေတဲ့ ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသဖို့ အမေရိကန်က မြို့ကြီးတွေမှာ စနေနေ့တုန်းက ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
အနောက်ဘက်ကမ်း (West Bank) ဘယ်မှာရှိလဲ

ပါလက်စတိုင်း ဒေသနှစ်ခုဆိုတာကတော့ အနောက်ဘက်ကမ်းဒေသနဲ့ ဂါဇာကမ်းမြောင်ဒေသဖြစ်ပါတယ်။ အဲဒီဒေသနှစ်ခုအကြားမှာ အနီးဆုံးနေရာက ကီလိုမီတာ ၄၀ လောက် ဝေးကွာပါတယ်။
အနောက်ဘက်ကမ်းဒေသလို့ ခေါ်ရတာက ဂျော်ဒန်မြစ်နဲ့ ပင်လယ်သေတို့ရဲ့ အနောက်ဘက်ခြမ်းမှာရှိလို့ ဖြစ်ပါတယ်။ အဲဒီ အနောက်ဘက်ကမ်းဒေသဟာ ဂျေရုဆလင်မြို့အထိ ရောက်ပါတယ်။ ဂျေရုဆလင်ကိုတော့ ပါလက်စတိုင်းတွေရော၊ ဂျူးတွေကပါ သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။
အနောက်ဘက်ကမ်းဒေသကိုတော့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့ဖြစ်တဲ့ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့က ထိန်းချုပ်ထားပါတယ်။ အစိုးရရဲ့ အဓိက အင်အားစုကတော့ ဘာသာရေး အခြေမခံတဲ့ ဖာတားအဖွဲ့ ဖြစ်ပါတယ်။
ဂါဇာကတော့ အစ္စရေးနဲ့ နယ်စပ်ချင်း ၅၁ ကီလိုမီတာ ဆက်နေပြီး အီဂျစ်နဲ့ ၇ ကီလိုမီတာ၊ မြေထဲပင်လယ်နဲ့ ၄၀ ကီလိုမီတာ ဆက်စပ်နေပါတယ်။
ဂါဇာကို ထိန်းချုပ်ထားတာကတော့ ပါလက်စတိုင်း အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ ဖြစ်တဲ့ ဟားမတ်စ်က ထိန်းချုပ်ထားပါတယ်။ ဟားမတ်စ်ဟာ အစ္စရေးနဲ့ တခြားပါလက်စတိုင်း အုပ်စုတွေအကြား ချုပ်ဆိုတဲ့ စာချုပ်တွေ၊ သဘောတူညီချက်တွေကို အသိအမှတ်မပြုပါဘူး။












