ဘွန်ဒိုင်သေနတ်မားကို IS ဆဲလ်နဲ့ ပတ်သက်လို့ စစ်ဆေးခဲ့
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘွန်ဒိုင်ကမ်းခြေမှာ ဂျူးလူမျိုးတွေ ပွဲတော်ကျင်းပနေစဉ်မှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမား ၂ ဦးထဲက တဦးဟာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ IS ရဲ့ ဆဲလ်တခုနဲ့ပတ်သက်နေတယ်ဆိုပြီး စုံစမ်းစစ်ဆေးခံရသူ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် လူ ၁၅ ယောက် သေဆုံးခဲ့ရပါတယ်။ ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူ ၂ ဦးဟာ သားအဖ တွေဖြစ်ပြီး ဖခင်ဖြစ်သူ ဆာဂျစ် အာခ်ရမ်က အသက် ၅၀ ရှိပြီ ဖြစ်ပြီး သားဖြစ်သူ နာဗိက ၂၄ နှစ် ရှိပြီ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဆာဂျစ် အာ့ခ်ရမ် ဟာ ၁၉၉၈ ခုနှစ်မှာ သြစတြေးလျကို ကျောင်းသား ဗီဇာနဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး အပမ်းဖြေ အမဲလိုက်ဖို့ အတွက် လက်နက်ကိုင်ဆောင်ခွင့် လိုင်စင် ရထားသူဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရရှိခဲ့သူတွေထဲမှာ သေနတ်သမား တဦးကို ဝင်လုံးပြီး သေနတ်လုခဲ့သူ အာမက် အဲလ် အာမက်လည်း ပါဝင်ပါတယ်။ ဘီဘီစီ သတင်းထောက် ဖေးလ် မာဆာက ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



