ဒုတိယမြောက် အဲလစ်ဇဘတ်ဘုရင်မကြီး - စက်တင်ဘာ ၁၉ ရက်မှာ စျာပနကျင်းပမယ်

လေးရက်ကြာ ဂါရဝပြုခံပြီးမှကျင်းပမယ့် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ စျာပန

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက နတ်ရွာစံခဲ့တဲ့ ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ စျာပန အခမ်းအနား ကျင်းပမယ့်ရက် ထွက်ပေါ်လာပြီဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ စျာပနကို လာမယ့် စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး စျာပနမတိုင်ခင်အထိ ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝက်မင်န်စတာ ခန်းမမှာ လေးရက်ကြာ ထားရှိမှာဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာ ပြည်သူတွေအနေနဲ့ ခေါင်းတလားကို လာရောက်လေ့လာ ဂါရဝပြုနိုင်မှာဖြစ်ပါတယ်။

အဲဒီမတိုင်ခင်မှာတော့ ဘုရင်မကြီး ခေါင်းတလားကို လာမယ့် တနင်္လာနေ့၊ စက်တင်ဘာလ ၁၂ ရက်မှာ စကော့တလန်မြို့တော် အီဒင်ဘရာမှာရှိတဲ့ စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းကြီးမှာ ၂၄ နာရီကြာထားမှာဖြစ်လို့ လူထုအနေနဲ့ လာရောက် ဂါရဝပြုနိုင်မှာဖြစ်ပါတယ်။

စျာပန ကျင်းပမယ့်နေ့မှာတော့ ဘုရင်မကြီးရဲ့မိသားစုတွေ၊ နိုင်ငံရေးသမားတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိသလို အဲဒီနေ့ကိုလည်း ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ စျာပန ခရီးစဥ်ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ စတင်မှာဖြစ်ပြီး ဘုရင်မကြီးရဲ့ခေါင်းတလားယာဥ်ကို သူ ကံကုန်ခဲ့တဲ့ ဘယ်လ်မော်ရယ် စံအိမ်ကနေ စံအိမ်အမှုထမ်းတွေက သယ်ယူပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ‌ခေါင်းတလားယာဥ်ဟာ အီဒင်ဘရာမြို့တော်ကို မရောက်ခင်မှာ ဟိုလီရော့ဟောက်စ် နန်းတော်မှာ ညအိပ် ရပ်နားမှာဖြစ်ပါတယ်။

မနက်ဖြန် တနင်္လာနေ့မွန်းလွဲမှာတော့ ခေါင်းတလားယာဥ်ဟာ တော်ဝင်မိသားစုဝင်တွေခြံရံပြီး စိန့်ဂျိုင်းလ်စ် ဘုရားကျောင်းကို ခရီးဆက်မှာဖြစ်ပါတယ်။ အဲဒီမှာ ၂၄ နာရီထားရှိမှာဖြစ်ပြီး လူထုအနေနဲ့လည်း ဂါရဝပြုနိုင်မှာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ရုပ်အလောင်းကို အီဒင်ဘရာကနေ လန်ဒန်ကို ပြန်သယ်တဲ့အခါမှာ သမီးတော် အန်း မင်းသမီးလည်း အတူလိုက်ပါလာမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင်မကြီးရဲ့ရုပ်အလောင်းကို အီဒင်ဘရာကနေ လန်ဒန်ကို ပြန်သယ်တဲ့အခါမှာ သမီးတော် အန်း မင်းသမီးလည်း အတူလိုက်ပါလာမှာဖြစ်ပါတယ်။

နောက်နေ့ အင်္ဂါနေ့မှာတော့ မိခင်ဖြစ်သူ အယ်လိဇဘတ်ဘုရင်မကြီးရဲ့ရုပ်အလောင်းကို လန်ဒန်မြို့ကို လေယာဥ်နဲ့ ပြန်သယ်လာတဲ့အခါ အန်းမင်းသမီးလည်း မိခင်ရဲ့ ရုပ်အလောင်းနဲ့အတူ ပြန်လည်လိုက်ပါလာမှာဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ခေါင်းတလားကိုတော့ အီဒင်ဘရာလေဆိပ်ကနေ နော့သော့လေတပ်အခြေစိုက်စခန်း၊ အဲဒီကနေမှ ဘက်ကင်ဟန်နန်းတော်ကို သယ်ယူမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာတော့ ဝက်မင်န်စတာ ခန်းမကို သယ်ယူမှာဖြစ်ပြီး စျာပနပွဲမတိုင်ခင် ကြာသပတေးနေ့က စပြီး အဲဒီမှာ လေးရက်ကြာ ဂါရဝပြုခံယူမှာဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၉ ရက်၊ တင်္လာနေ့ ဆုတောင်းပွဲ အခမ်းအနားအပြီးမှာတော့ ဘုရင်မကြီးရဲ့ ခေါင်းတလားကို သူ့ရဲ့ နောက်ဆုံးခရီးစဥ်ဖြစ်တဲ့ ဝင်ဆာရဲတိုက်ထဲက စိန့်ဂျော့ချ် ဘုရားကျောင်းကို သယ်ဆောင်မှာ ဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ခေါင်းတလားကို စိန့်ဂျော့်ချ်ဘုရားကျောင်းထဲက ဆဋ္ဌမမြောက် ဂျော့်ချ်ဘုရင် အောက်မေ့ဖွယ် ကျောင်းဆောင်ထဲမှာ မမြှုပ်နှံခင်မှာ မြှုပ်နှံထားရှိမယ့် ခန်းဆောင်ထဲကို ရွှေ့ပြောင်းချထားမှာ ဖြစ်ပါတယ်။

ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီး