ကမ္ဘာဖလားဖွင့်ပွဲမှာ နယူးဇီလန်က နော်ဝေးကိုနိုင် - ဇူလိုင်၂၀ရက်ညနေသတင်းများ

ဓာတ်ပုံ ရင်းမြစ်, BBC Sport
ကမ္ဘာဖလား အမျိုးသမီး ဘောလုံးပွဲ ဖွင့်ပွဲ ပွဲစဉ်အဖြစ် နော်ဝေနဲ့ နယူးဇီလန်တို့ကန်ရာမှာ နော်ဝေကို ၁ဂိုး ဂိုးမရှိနဲ့ နယူးဇီလန်က အနိုင်ရသွားပါတယ်။
ဒုတိယပိုင်း ပွဲအစမှာ နယူးဇီလန်က ဟန်နာ ဝဲလ်ကင်ဆန်က တစ်ဂိုး သွင်းပေးခဲ့တာ ဖြစ်ပြီး ဒါဟာ ကမ္ဘာဖလားမှာ နယူးဇီလန်ရဲ့ ပထမဆုံး အနိုင်ပွဲ ဖြစ်ပါတယ်။
အောက်ကလန်မြို့က အီဒင်ပါ့ခ် ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဒီပွဲစဉ်ကို လူအများအပြား တက်ရောက် အားပေးခဲ့ကြပါတယ်။
ဒီကမ္ဘာဖလားဘောလုံးပွဲကို နယူးဇီလန်နဲ့ သြစတြေးလျ တို့က ပူးတွဲအိမ်ရှင် အဖြစ် လက်ခံ ကျင်းပပေးလျက် ရှိတာပါ။
လက်ရှိမှာ သြစတြေးလျက အိုင်ယာလန်နဲ့ ဆစ်ဒနီမြို့က ကစားလျက် ရှိပါတယ်။
ဒီနှစ်အမျိုးသမီး ကမ္ဘာ့ဖလားပွဲကို နိုင်ငံပေါင်း ၃၂နိုင်ငံ စံချိန်တင် ပါဝင် ကစားခဲ့ပြီး ဒါဟာ အကြီးမားဆုံး အမျိုးသမီး ဘောလုံးအားကစားပြိုင်ပွဲလို့ ယူဆရပါတယ်။
ပါကစ္စတန်မှာ ရဲအရာရှိတွေ တိုက်ခိုက် သတ်ဖြတ်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန် အနောက်မြောက်ပိုင်း ခိုင်ဘာ ပါ့ခ်ထွန်ခွာ ပြည်နယ်က သီးခြားဖြစ်ရပ်တွေအတွင်း ရဲအရာရှိ ၃ယောက် အသတ်ခံခံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပထမဖြစ်ရပ်မှာတော့ ခိုင်ဘာအရပ်က ရဲစခန်းအဝင်မှာ အသေခံဗုံးခွဲသမားနှစ်ယောက်က သူ့တို့ကိုယ်ပေါ်က ပစ္စည်းတွေကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။
တခါ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညကလည်း ပါရှ်ဝါမြို့ စစ်ဆေးရေးဂိတ်မှာ အမည်မသိ အမျိုးသားတယောက်က ပစ်ခတ်ခဲ့တာကြောင့် ရဲအရာရှိ နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်လဲ ဆိုတာကို မသိရသေးပါဘူး။
တောင်အာဖရိမှာ ပေါက်ကွဲမှုကြောင့် လူ၁ယောက်သေဆုံးခဲ့ရပြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ မသိရသေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာဖရိကနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဂျိုဟန်နာစဘတ်မှာ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက သတိပေး ထားပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သံသယဖြစ်ဖွယ် ဂတ်စ်ပေါက်ကွဲမှု ပေါ်ပေါက်ခဲ့ပြီးနောက် အခုလို သတိပေးခဲ့တာပါ။
အခင်းဖြစ်ပွားမှုကြောင့် လူတယောက်သေဆုံးသွားပြီး ၄၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေစဉ် အခင်းဖြစ်တဲ့ နေရာတဝိုက် မသွားဖို့ သက်ဆိုင်ရာ အရာရှိတွေက ပန်ကြားထားပါတယ်။
အာဏာပိုင်တွေ အနေနဲ့ ဘာကြောင့် ပေါက်ကွဲမှု ဖြစ်ရသလဲ ဆိုတာ တိတိကျကျ မသိရသေးပေမယ့် မြေအောက်ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မဏိပူ လူမျိုးရေး အဓိကရုဏ်း အတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ဖြစ်ဖွယ် ပြုခံရတဲ့ ဗီဒီယိုထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူပြည်နယ်မှာ မေလ လူမျိုးရေး အဓိကရုဏ်းဖြစ်စဉ် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အကြီးအကျယ် စိတ်မသက်မသာ ဖြစ်ရတယ်လို့ တရားရုံးချုပ်က ပြောပါတယ်။
လူနည်းစု ကူကီး မျိုးနွယ်ထဲက အမျိုးသမီးနှစ်ယောက်ကို အဝတ်အစားတွေချွတ်ပြီး နံဘေးက လူအုပ်ကြီးက လိုက်ပါပြသနေတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပြန့်ခဲ့ပြီးနောက် တရားရုံးက ကြားနာ စစ်ဆေးလျက် ရှိတာပါ။
အဲဒီဗီဒီယိုကိုကြည့်ပြီး အိန္ဒိယနိုင်ငံတလွှားမှာ အများက ဒေါသထွက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကိုရှက်ဖွယ်ဘဲလို့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မှတ်ချက်ပြုပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းတုန်းက မဏိပူ ပြည်နယ်မှာ မိုင်သည်း လို့ခေါ်တဲ့ ကသည်းတွေနဲ့ ကူကီး လူမျိုးစုတွေကြား အဓိကရုဏ်း ဖြစ်ပွားပြီးနောက်ပိုင်း ဒါဟာ မစ္စတာ မိုဒီရဲ့ ပထမဆုံးလူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု တရပ်ဖြစ်ပါတယ်။








