ဗင်နီဇွဲလားရေနံလုပ်ငန်းမှာ ပြည်ပရင်းနှီးမှု ခွင့်ပြုမယ်
ဗင်နီဇွဲလား အမျိုးသားလွှတ်တော်မှာ ရေနံလုပ်ငန်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးမယ့် ဥပဒေတရပ်ကို အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ ရေနံလုပ်ငန်းကို နိုင်ငံတော်က ထိန်းချုပ်ထားရာကနေ နောက်ပြန်လှည့်လာတဲ့ သဘောဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားရဲ့ သမ္မတဟောင်း နစ်ကိုလပ်စ် မဒူရိုကို ဒီ ဇန်နဝါရီလ အစောပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အခုလို ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
ဗင်နီဇွဲလားရဲ့ ယာယီသမ္မတ ဒဲလ်ဆီ ရော့ဒရီးဂတ်စ်က ဒီအပြောင်းအလဲကို သမိုင်းတွင်မယ့် အပြောင်းအလဲ အဖြစ် ပြောခဲ့သလို သူ့ရဲ့ ဆိုရှယ်လစ် မဟာမိတ် မစ္စတာ မဒူရိုကိုယ်တိုင်လည်း လုပ်ဖို့ စီစဉ်နေခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ မဒူရိုနဲ့ ဇနီးသည်တို့ကို လောလောဆယ် နယူးယောက်မြို့မှာ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုနဲ့ ဆိုင်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဘီဘီစီ မွန်ဒိုဌာနက နော်ဘတ်တို ပရေးဒီးစ်ဟာ ဗင်နီဇွဲလားမှာ သမ္မတမဒူရို ဖယ်ရှားခံရပြီးနောက်ပိုင်း ပထမဆု့းအကြိမ်အဖြစ် ဗင်နီဇွဲလားရဲ့ ယိုယွင်းနေတဲ့ ရေနံမြေတခုကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ဒေသခံတွေက အခုလို အပြောင်းအလဲတွေ လုပ်လာတာကြောင့် သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပေါ်လာပြီး ပြန်လည် စည်ပင်ဖွံ့ဖြိုးလာဖို့အတွက် မျှော်လင့်နေကြပါတယ်။ သူအဲဒီက ပေးပို့ထားတဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။



