ဂျပန်မှာ အင်အားပြင်း ငလျင်လှုပ်လို့ ဆူနာမီသတိပေးချက် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ပြင်းအား ၇.၆ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားတာကြောင့် ဆူနာမီရေလှိုင်းကြီးရိုက်ခံရနိုင်တဲ့အန္တရာယ် သတိပေးချက် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
အီရှီကာဝါစီရင်စုနယ်ထဲက ပင်လယ်ကမ်းခြေနယ် နိုတိုအရပ်မှာနေထိုင်သူတွေအနေနဲ့ ကုန်းပိုမြင့်တဲ့အရပ်တွေကို ရွှေ့ပြောင်းကြဖို့ သတိပေးချက်ထုတ်ပြန်ထားတယ်လို့ NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။
တစ်မီတာနီးပါးအထိမြင့်တဲ့ ပထမဆုံး ဆူနာမီရေလှိုင်းအချို့ဟာ အီရှီကာဝါမှာရှိတဲ့ ဝါဂျီမာ ဆိပ်ကမ်းကို ရိုက်ခတ်နေပြီဖြစ်ပေမဲ့ အာဏာပိုင်တွေကတော့ လှိုင်းအမြင့်တွေဟာ ၅ မီတာ(၁၆ ပေကျော်)အထိ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒေသတွင်း သတင်းတွေမှာတော့ ဂျပန်မှာ ၂၀၁၁ ခုနှစ် ငလျင်လှုပ်ခတ်မှုအပြီးမှာ ပထမဆုံးထုတ်ပြန်တဲ့ ဆူနာမီလှိုင်းဒဏ်အန္တရာယ် သတိပေးချက်လို့ သတင်းတွေဖော်ပြနေပါတယ်။
ငလျင်ဗဟိုချက်နဲ့ကပ်လျက်က နာဂါတာနဲ့ တိုယာမ စီရင်စုနယ်တွေမှာလည်း လှိုင်းအမြင့် ၃ မီတာအထိရှိနိုင်တဲ့ဆူနာမီသတိပေးချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဂျပန်ပင်လယ်ပြင်တစ်လျှောက်မှာရှိတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာတော့ ထူးခြားတဲ့အခြေအနေ မရှိသေးဘူးလို့ ဂျပန် နျူကလီးယားလုပ်ထုံးလုပ်နည်းအာဏာပိုင် အဖွဲ့က ပြောထားပါတယ်။
ငလျင် သတိပေးချက်တွေ ထပ်ထုတ်ပြန်လာ
ဂျပန်မှာ နိုင်ငံတဝန်း ငလျင်သတိပေးချက်အသစ်တွေ ထပ်ထုတ်လာပါတယ်။ အဲဒီလိုသတိပေးချက်ထုတ်တဲ့ စီရင်စုနယ်တွေဟာ အီရှီကာဝါ၊ နာအီဂါတာ၊ နာဂါနိုနဲ့ တိုမာယာတို့ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်းမှာတော့ ပြင်းအား ၃.၆ အဆင့်ကနေ ၇.၆ အဆင့်ရှိတဲ့ ငလျင်အကြိမ်ရေ ၃၀ ကျော် ပြီးခဲ့တဲ့ ၃ နာရီအတွင်း လှုပ်ခတ်ထားပြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂျပန်မိုးလေဝသဌာန
အပေါ်က ပုံကတော့ ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်တဲ့ ဆူနာမီရေလှိုင်း သတိပေးချက်ဖြစ်ပါတယ်။
အနီရောင် X သင်္ကေတကတော့ ဂျပန်မိုးလေဝသဌာနထုတ်ပြန်ချက်အရဆိုရင် ဆူဇုမြို့နားက ငလျင်ဗဟိုချက်ဖြစ်ပါတယ်။
ခရမ်းရောင်ကတော့ ‘’ဆူနာမီအထူးသတိပေးချက်’’ ထုတ်ပြန်ထားတဲ့နေရာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ၃ မီတာ(၁၀ ပေ)အထိကျော်တဲ့ပင်လယ်ရေလှိုင်းတွေ ပေါ်လာနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အနီရောင်မျဥ်းကတော့ ၃ မီတာအထိရှိတဲ့ရေလှိုင်းတွေ၊ အဝါရောင်ကတော့ ၁ မီတာ(၃ ပေ)နီးပါးရှိမယ်ရေလှိုင်းတွေပေါ်လာနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အပြာရောင်ကတော့ ငလျင်ကြောင် ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲဖြစ်လာနိုင်တာကို ရည်ညွှန်းတာဖြစ်ပါတယ်။
ပြင်းအား ၇.၆ အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တဲ့ဗဟိုချက်နေရာကို မြေပုံမှာ ကြည့်ရှုလိုပါက ဒီလင့်ခ် ကို နှိပ်ပါ။
ပြိုကျသွားတဲ့အိမ်တွေအောက်မှာ ပိတ်မိနေသူတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ငလျင်ကြောင့် ပြိုကျသွားတဲ့ အိမ်တွေရဲ့အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။
အာဏာပိုင်တွေဟာ လက်ရှိမှာ ငလျင်ကြောင့်ဖြစ်ပွားလာတဲ့အပျက်အစီးအတိုင်းအဆ အချက်အလက်ကို စုဆောင်းနေဆဲလို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိဆိုရင် ပြိုကျအိမ်တွေရဲ့ အပျက်အစီးအောက်မှု လူတွေ ပိတ်မိမှု ၆ ခုအထိ အစီရင်ခံမှုရထားတယ်လို့ သူကပြောပါတယ်။
လူ ၆ ဦးလား၊ ၆ ဦးထက်ပိုပြီး ပိတ်မိနေတာလားဆိုတာ သူက တိတိပပ မပြောပေမဲ့ အဆောက်အအုံတွေ ပြိုကျကုန်တယ်ဆိုတဲ့အစီရင်ခံစာတွေလည်း ရထားတယ်လို့ ဆိုပါတယ်။
ငလျင်ကြောင့် အိမ်အလုံးရေ သုံးသောင်းကျော် မီးပြတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ငလျင်ကြောင့် အီရှီကာဝါစီရင်စုနယ်ထဲက နေအိမ် ၃၂,၅၀၀ နီးပါး မီးပြတ်တောက်သွားပြီလို့ ဒေသန္တရအာဏာပိုင်တွေကို ကိုးကားပြီး ကျိုဒိုသတင်းက သတင်းဖော်ပြပါတယ်။
ဂျပန်အာဏာပိုင်တွေကတော့ အီရှီကာဝါစီရင်စုနယ်အတွင်း နေရာအချို့မှာ နေအိမ်အများစု မြေပေါ် ပြိုကျကုန်တယ်လို့ပြောထားပါတယ်။








