နံရံထဲဝှက်ထားခဲ့တဲ့ ၇ ရာစုရွှေဒင်္ဂါးတွေ တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Israel Antiquities Authority
အစ္စရေးနိုင်ငံမြောက်ပိုင်းက သဘာဝတောအုပ်တစ်ခုအဖြစ် ထိန်းသိမ်းထားတဲ့နေရာမှာ နံရံတစ်ခုထဲ ဝှက်ထားတဲ့ ရွှေစင်အစစ် ဒင်္ဂါးပြား ၄၄ ပြားကို တွေ့ခဲ့ရတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက ပြောပါတယ်။ ဒီဒင်္ဂါးတွေဟာ ၇ ရာစုက ဒင်္ဂါးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၇၀ ဂရမ် အလေးချိန်ရှိတဲ့ ဒင်္ဂါးတွေကို ဘာနီယာ့စ်ဆိုတဲ့ အရပ်မှာတွေ့ရတာဖြစ်ပြီး အဲဒီဒေသကို မွတ်ဆလင်တွေ အောင်နိုင်သိမ်းပိုက်ခဲ့တဲ့ အေဒီ ၆၃၅ ခုနှစ်က ပိုင်ရှင်က ဝှက်သွားခဲ့တာဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။
အခုတွေ့ရှိမှုက ဘိုင်ဇင်တိုင်းအင်ပိုင်ယာရဲ့ အဆုံးပိုင်း နှစ်ကာလတွေအကြောင်း မီးမောင်းထိုးပြသလို ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဘိုင်ဇင်တိုင်းအင်ပိုင်ယာဆိုတာက နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိခဲ့တဲ့ ရောမအင်ပိုင်ယာကြီးရဲ့ အရှေ့ဘက်ခြမ်းဒေသကို ခေါ်ဆိုတာပါ။
“စစ်ဖြစ်လာတော့ ပိုင်ရှင်က သူ့ပစ္စည်းတွေကို ဝှက်ထားခဲ့တယ်၊ တစ်နေ့တော့ ပြန်လာပြီး ဖော်ယူမယ်လို့ စိတ်ကူးထားခဲ့ပုံရတယ်” လို့ အခုတူးဖော်တွေ့ရှိမှုကို ဦးဆောင်သူ ညွှန်ကြားရေးမှူး ယိုအာ့ဗ်လာရာက ပြောပါတယ်။ “အခုတွေးကြည့်တော့ ပိုင်ရှင်ခမျာ ထင်သလိုမဖြစ်ခဲ့ဘူးလို့ ယူဆရပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, Israel Antiquities Authority
ရွှေဒင်္ဂါးတွေတွေ့ရတာဟာ ဘိုင်ဇင်တိုင်းအင်ပိုင်ယာရဲ့ နောက်ဆုံးနှစ်ပေါင်း ၄၀ အတွင်း ဘာနီယာ့စ်မြို့ရဲ့ စီးပွားရေးအခြေအနေကိုလည်း တွက်ဆကြည့်လို့ရတယ်လို့ မစ္စတာလာရာက ပြောပါတယ်။
ဒီရှေးဟောင်းမြို့ရဲ့ လူနေရပ်ကွက်တွေရှိခဲ့တဲ့အပိုင်းကို တူးဖော်ကြည့်ကြတဲ့အခါ ရွှေဒင်္ဂါးတွေအပြင် အဆောက်အဦအပိုင်းအစတွေ၊ ရေသွယ်မြောင်းတွေ၊ ရေပိုက်တွေ၊ ကြေးဒင်္ဂါးတွေနဲ့ နောက်ထပ် ရှေးဟောင်းပစ္စည်းတွေ အတော်များများတွေ့ရတယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။
အစ္စရေး ရှေးဟောင်းလက်ရာပစ္စည်းများအာဏာပိုင်ဌာနက ဒင်္ဂါးကျွမ်းကျင်သူ ဒေါက်တာဂယ်ဘရီယယ်လာ ဘီဂျော့ဗ်စကီက အခုတွေ့ရတဲ့ ဒင်္ဂါးတွေထဲက တချို့ဟာ အေဒီ ၆၀၂ က ၆၁၀ မှာအုပ်စိုးသွားတဲ့ ဧကရာဇ်ဘုရင်ဖိုးကတ်စ်လက်ထက်က ဖြစ်ပေမဲ့ အများစုကတော့ သူ့နောက်မှာ ဆက်ခံတဲ့ ဟာရေးကလီးယပ်စ်ခေတ်က ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာနီယာ့စ်မြို့ဟာ ခရစ်ယာန်သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ယေရှုခရစ်တော်က သူ့ရဲ့ သာဝက ပီတာကို “ဒီကျောက်တုံးပေါ်မှာ ငါ၏ ဘုရားကျောင်းကို တည်ဆောက်ပေအံ့” လို့ပြောခဲ့တဲ့နေရာလို့ ယုံကြည်ကြပါတယ်။








