တောင်ကိုရီးယားမှာ ခွေးကို အသားအဖြစ်မွေးမြူ၊ ရောင်းချ၊ သတ်ဖြတ်တာကို ပိတ်ပင် - ဇန်နဝါရီ ၉ ရက် နိုင်ငံတကာသတင်းများ

တောင်ကိုရီးယားမှာ ခွေးအသားဆိုင်ရာမူဝါဒကို ကန့်ကွက်ဖို့ ကိုရီးယားခွေးအသားဆိုင်ရာအဖွဲ့ဝင်တွေ စုဝေးနေချိန် အတူမြင်တွေ့ရတဲ့ လှောင်အိမ်ထဲက ခွေးတစ်ကောင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားမှာ ခွေးအသားဆိုင်ရာမူဝါဒကို ကန့်ကွက်ဖို့ ကိုရီးယားခွေးအသားဆိုင်ရာအဖွဲ့ဝင်တွေ စုဝေးနေချိန် အတူမြင်တွေ့ရတဲ့ လှောင်အိမ်ထဲက ခွေးတစ်ကောင်

တောင်ကိုရီးယား နိုင်ငံမှာ ခွေးကို အသားစားဖို့ အလို့ငှာ မွေးမြူရောင်းချတာ၊ သတ်ဖြတ်တာကို ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား ပါလီမန်က အတည်ပြုလိုက်တဲ့ အဲဒီ ဥပဒေအရ ဖောက်ဖျက် ကျူးလွန်သူတွေကို ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ပါတယ်။

ဒါပေမယ့် ခွေးသား စားခြင်းဟာ တရားမဝင်ဘူးလို့တော့ ဥပဒေထဲမှာ ဆိုမထားပါဘူး။ ရာစုနှစ်များစွာ တည်ရှိခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ပယ်ဖျက်ဖို့ အရင် အစိုးရတွေ တုန်းကတည်းက ကြိုးစား ခဲ့ကြပြီး၊ အခု သမ္မတ ယွန် ဆွတ်ခ် ယိုးလ် လက်ထက် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။

တိရိစ္ဆာန် အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေက အခု ဥပဒေကို ကြိုဆို နေကြပါတယ်။

သနား ကြင်နာရေး နိုင်ငံတကာ ကိုရီးယား အဖွဲ့ကို ဦးဆောင်သူ ဘိုရမီဆီအိုက “ကိုရီးယား လူ့အဖွဲ့အစည်းထဲမှာကို တိရိစ္ဆာန် အခွင့်အရေး ကာကွယ်ရေး ကဏ္ဍမှာ စိတ်ပါဝင်စားမှု တိုးမြင့်လာပါတယ်။

ခွေးသားစားတဲ့ အလေ့အကျင့်လည်း ကျဆင်းလာပြီး အတိတ်မှာ ထားခဲ့နိုင်ပြီ ဖြစ်ပါတယ် ” လို့ ဘီဘီစီကို ပြောပါတယ်။

တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုာင်ကိုရီးယားလွှတ်တော် ပြဌာန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆို

ဂါဇာမှာ အရပ်သား သေဆုံးမှု လျော့နည်းနိုင်ရေး အစ္စရေးကို ဘလင်ကင် တိုက်တွန်းဖို့ရှိ

အစ္စရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးစရာတွေ များလှတယ်လို့ ဝန်ကြီး ဘလင်ကင်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးစရာတွေ များလှတယ်လို့ ဝန်ကြီး ဘလင်ကင်ပြော

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ တဲလ်အဗီး မြို့မှာ ရောက်နေပြီး အစ္စရေး သမ္မတ အိုင်ဇက် ဟားဇော့ဂ် နဲ့ စတင် စကားပြော ဆွေးနွေးခဲ့ပြီ ဖြစ်ပါတယ်။

ဂါဇာမှာ အရပ်သား သေဆုံးနေရမှုတွေ မဖြစ်မနေ လျှော့ချရေး အစ္စရေး အပေါ် မစ္စတာ ဘလင်ကင် ထပ်လောင်း တောင်းဆိုဖွယ်ရာ ရှိပါတယ်။ သူဟာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟုနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

မစ္စတာ ဘလင်ကင်က အစ္စရေး အာဏာပိုင်တွေနဲ့ကြား သူ့မှာ ပြောဆို ဆွေးနွေးစရာတွေ အများကြီး ရှိပြီး ခက်ခက်ခဲခဲတွေ ပြောဆိုရနိုင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်ဟာ တူရကီ၊ ဂရိ၊ ဂျော်ဒန်၊ ကာတာ၊ ယူအေအီးနဲ့ ဆော်ဒီအာရေဗျား နိုင်ငံတွေကို အရင်ဝင်ပြီး အစ္စရေးကို လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီက ခေါင်းဆောင်တွေရဲ့ အမြင်တွေကို အစ္စရေး ခေါင်းဆောင်တွေကို ကျွန်တော် ပြန်လည် လက်ဆင့်ကမ်း ပြောသွားဖို့ ရှိပါတယ်။ ဒါ့အပြင် ဓားစာခံတချို့ရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပြီး၊ အားလုံးကို အိမ်အရောက် ပြန်ခေါ်နိုင်ရေး အတွက် ကျွန်တော်တို့ ဘယ်လောက် မနားမနေ ကြိုးစားနေတဲ့ အကြောင်း ပြောပြသွားမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

မော်စကိုမှာ ဖမ်းထားတဲ့ အမေရိကန် နိုင်ငံသားကို မူးယစ်မှုနဲ့ ရုရှား ပုဒ်မတပ်

အမေရိကန်နိုင်ငံသားတွေကို အပေးအယူလုပ် အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး ရုရှား အစိုးရက ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ဝေဖန်သူတွေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံသားတွေကို အပေးအယူလုပ် အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး ရုရှား အစိုးရက ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ဝေဖန်သူတွေပြော

ရုရှား အစိုးရက ဖမ်းထားတဲ့ အမေရိကန် နိုင်ငံသား အသက် ၃၂ နှစ် အရွယ် ရောဘတ် ဝုဒ်လဲန် ဆိုသူကို တရားမဝင် ဆေးဝါး ထုတ်လုပ် ရောင်းချမှုနဲ့ မော်စကို တရားရုံးမှာ ပုဒ်မတပ် တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။

သူ့ကို နှစ်လတာ ဖမ်းဆီး ထိန်းသိမ်း ထားပြီးတဲ့နောက် အခုလို ပုဒ်မတပ် လာတာ ဖြစ်ပါတယ်။

ရောဘတ် ဝုဒ်လဲန်ဟာ ရုရှားမှာ မွေးဖွားခဲ့ပြီး အမေရိကန် မိသားစုရဲ့ မွေးစားတာကို ခံရပြီး အမေရိကန်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ အခု နှစ်ပိုင်းတွေမှာတော့ ရုရှားကို ပြန်လာနေပြီး အင်္ဂလိပ်စာဆရာ အဖြစ် လုပ်ကိုင်နေခဲ့တယ်လို့ နားလည်ရပါတယ်။

ရုရှားနိုင်ငံထဲ အမေရိကန် နိုင်ငံသားတချို့ လက်ရှိ ဖမ်းခံထားရပါတယ်။ နိုင်ငံရပ်ခြားမှာ ဖမ်းခံထားရတဲ့ ရုရှားတွေ ပြန်လည် လွတ်မြောက်ရေးမှာ အပေးအယူ သဘော ထိထိရောက်ရောက် အသုံးချနိုင်ဖို့ အဲဒီလို အမေရိကန်တွေကို အသုံးချနေတယ်ဆိုပြီး ဝေဖန်သူတွေက ထောက်ပြ နေကြပါတယ်။

တရုတ်လွှတ်တင်တဲ့ ဒုံးပျံကြောင့် ထိုင်ဝမ်မှာ အရေးပေါ် သတိပေးချက် ထုတ်ရတဲ့ အထိ ဖြစ်ခဲ့

ထိုင်ဝမ် ရွေးကောက်ပွဲနီးချိန် လုံခြုံရေး စိုးရိမ်ချက် ပိုပြီးများလာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်ဝမ် ရွေးကောက်ပွဲနီးချိန် လုံခြုံရေး စိုးရိမ်ချက် ပိုပြီးများလာနေ

တရုတ်ပြည်မကြီး အစိုးရက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တု သယ်ဆောင်ထားတဲ့ ဒုံးပျံတစ်စင်းဟာ ထိုင်ဝမ်ကျွန်း အနီး ဖြတ်သန်းသွားတဲ့နောက် ထိုင်ဝမ်မှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားကြရပြီး ထိုင်ဝမ် အာဏာပိုင်တွေက တနိုင်ငံလုံးအနှံ့ အရေးပေါ် သတိပေးချက် ထုတ်တာမျိုး လုပ်ခဲ့ပါတယ်။

အဲဒီလို ဒုံးပျံ လွှတ်တင်ဖို့ ရှိကြောင်း သူတို့ အနေနဲ့ ကြိုတင် သတိပေးမှု တစုံတရာ ရရှိ မထားခဲ့ဘူးလို့ ထိုင်ဝမ် အစိုးရက ဆိုပါတယ်။

ထိုင်ဝမ်မှာ လာမယ့် စနေနေ့မှာ သမ္မတ ရွေးကောက်ပွဲ ရှိနေပြီး လုံခြုံရေးကို သတိကြီးကြီးထားလို့ အဆင့်အမြင့်ဆုံး တပ်လှန့် ထားပါတယ်။ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်သာ သတ်မှတ်ထားတဲ့ ဘေဂျင်းအစိုးရအနေနဲ့ ထိုင်ဝမ် ရွေးကောက်ပွဲကို နှောင့်ယှက်တာတွေ ပြုလုပ်နေကြောင်း စွပ်စွဲခံနေရပါတယ်။

အမေရိကန်ရဲ့ အနှစ် ၅၀ အတွင်း ပထမဆုံး လသွားခရီးစဉ် မအောင်မမြင်ဖြစ်

လသွားယာဉ် ပယ်ရီဂရင်ဝမ်းမှာ လောင်စာဆီ ယိုစိမ့်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လသွားယာဉ် ပယ်ရီဂရင်ဝမ်းမှာ လောင်စာဆီ ယိုစိမ့်နေ

အနှစ် ၅၀ အတွင်း လရဲ့ မျက်နှာပြင်ကို ပထမဆုံးအကြိမ် တကျော့ပြန် ဆင်းမယ့် အမေရိကန်ရဲ့ လသွား ခရီးစဉ်ဟာ အောင်မြင်နိုင်တော့မှာ မဟုတ်ဘူး ဆိုပြီး ဒီခရီးစဉ်ကို ကမကထလုပ်တဲ့ အက်စထရိုဘော့တစ် ကုမ္ပဏီက ပြောပါတယ်။

သူတို့ လွှတ်တင်လိုက်တဲ့ လဆင်းစက်ရုပ်ယာဉ်ဟာ လောင်စာဆီ ယိုစိမ့် နေပြီး ထိန်းချုပ်ဖို့ ခက်နေတာကြောင့် လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့ရာ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အလားတူ ခရီးစဉ် ၅ ခု လည်း ဒီနှစ်ထဲ ပြုလုပ်ဖို့ စီစဉ်ထားပြီး လူကိုယ်တိုင် လိုက်ပါမယ့် ခရီးစဉ် ဆယ်နှစ် အတွင်း ပြုလုပ်တဲ့ အခါ လမျက်နှာပြင်ပေါ် အဆင်ပြေစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။