ပါလက်စတိုင်း ညီညွတ်ရေးအတွက် မျှော်လင့်နေကြ
ဟားမတ်စ်က ဓားစာခံတွေ ပြန်လွှတ်ပေးတာနဲ့ အတူ အစ္စရေး ဘက်ကလည်း သူတို့ ဖမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ မနေ့ကလည်း စားနပ်ရိက္ခာတွေ တင်လာတဲ့ ကားတွေနဲ့ အတူ ကူညီကယ်ဆယ်ရေး လုပ်သားတွေ ဂါဇာနဲ့ ခန်းယူနစ္စထဲကို ရောက်လာကြစဉ်မှာ စားနပ်ရိက္ခာအပူတပြင်းလိုအပ်နေကြတဲ့ လူတွေနဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက စစ်ဘေးသင့် ဒေသထဲကို မတ်လ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချက်ပြုတ်စားသောက်ဖို့ ဂက်စ်တွေ ရောက်လာပြီ ဖြစ်ကြောင်း ပြောပါတယ်။ ဂါဇာထဲကို ရောက်လာတဲ့ တခြား ကူညီကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ ဂျုံ၊ အသီးအနှံနဲ့ အသားတွေ အပြင် ဆေးဝါး ပစ္စည်းတွေပါ ပါဝင်ပါတယ်။ အနောက်ဘက်ကမ်း ရာမာလာ မြို့ထဲမှာ တော့ အပစ်ရပ် သဘောတူညီမှုကနေ ပါလက်စတိုင်းတွေ အကြား ညီညွတ်ရေးပါ တည်ဆောက်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဘီဘီစီ သတင်းထောက် ကလိုက်ဖ် မိုင်ရီက အခုလို သတင်းပေးပို့ထားပါတယ်။



