ထိုင်ဝမ်ကို နော်ရူးသံအဆက်ဖြတ်-ဇန်နဝါရီ ၁၅ နိုင်ငံတကာသတင်းများ

taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်က နော်ရူးကို ငွေအများကြီးပေးတယ်လို့ ထိုင်ဝမ် စွပ်စွဲ

ပစိဖိတ်သမုဒ္ဒရာထဲက နော်ရူးကျွန်းနိုင်ငံကလေးက ထိုင်၀မ်နဲ့ ဆက်ဆံရေး ဖြတ်တောက်ပြီး တရုတ်နဲ့ ဆက်သွယ်လိုက်ပါပြီ။

ဒါကြောင့် တရုတ်ကို သံတမန်ရေးဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ထိုင်၀မ်က စွပ်စွဲခဲ့ပါတယ်။

ကြောက်စရာကောင်းတဲ့ ခွဲထွက်ရေးသမားလို့ တရုတ်က မြင်နေတဲ့ ဝီလျံလိုင်ကို ထိုင်၀မ်သမ္မတအဖြစ် ရွေးကောက်လိုက်ပြီး နောက် နှစ်ရက်မှာပဲ နော်ရူးက ထိုင်၀မ်နဲ့ သံအဆက်အသွယ် ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို မကျေနပ်လို့ သံတမန်ရေးမှာ အပြောင်းအလဲဖြစ်အောင် တရုတ်က လှုံ့ဆော်တာလား မသဲကွဲသေးပါဘူး။

တရုတ်က နော်ရူးကို ထိုင်ဝမ်မပေးနိုင်တဲ့ ငွေပမာဏ အများကြီးပေးပြီး ကမ်းလှမ်းတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဌာနက စွပ်စွဲခဲ့ပါတယ်။

ဒီအချိန်မှာပဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို ရောက်နေပါတယ်။

အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် သဘောထားက ကျောက်စိုင်ကျောက်သားလိုပဲ ခိုင်မာကြောင်း သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဝီလျံလိုင်နဲ့ တွေ့ဆုံရာမှာ ဒီအဖွဲ့က ပြောကြားခဲ့ပါတယ်။

ရုရှားစစ်လေယာဉ်တွေကို ယူကရိန်းပစ်ချ

russia

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပစ်မှတ်ထောက်လှမ်းဖို့ အင်အားကြီးရေဒါစနစ်သုံးတဲ့ အေ ၅ဝ လေယာဉ်

အဇော့ဗ်ပင်လယ်မှာ ပျံသန်းနေတဲ့ ရုရှားစစ်လေယာဉ် နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်က ပြောပါတယ်။

အေ-၅၀ ကြိုတင်အချက်ပေး ထောက်လှမ်းရေးလေယာဉ်နဲ့ အီလျူရှင် ၂၂ ကွပ်ကဲရေးလေယာဉ် ကို ပစ်ချတာ ဖြစ်ပါတယ်။

သက်သေကိုတော့ မပြသေးပါဘူး။

အတည်ပြုနိုင်ခဲ့ရင်တော့ ယူကရိန်းဘက်က ပထမဆုံးအကြိမ် ဗျူဟာမြောက် အရေးကြီးပစ်မှတ်တွေကို လေထဲမှာ ပစ်ချနိုင်တာ ဖြစ်ပါတယ်။

ရုရှားမှာ အေ-၅၀ လေယာဉ် အနည်းငယ်ရှိပြီး အဝေးက ပစ်မှတ်တွေကို စုံစမ်းထောက်လှမ်းဖို့ အင်အားကြီးတဲ့ ရေဒါစနစ်ကို သုံးပါတယ်။

ဒီလေယာဉ်တွေက ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်အပြင်ကနေ ပုံမှန် ပျံသန်းလေ့ရှိပါတယ်။ ဒါကြောင့် သူတို့ကို ဘယ်လိုထိအောင် ပစ်သလဲ မသဲကွဲပါဘူး။

အီလျူရှင် ၂၂ လေယာဉ်က ရုရှားထဲ ပြန်ဆင်းနိုင်ခဲ့တယ်လို့လည်း တချို့သတင်းတွေမှာ ပါပါတယ်။

ဒီကိစ္စအပေါ် ရုရှားဘက်က မှတ်ချက်မပေးသေးပါဘူး။

အီရန် သတင်းစာဆရာမနှစ်ယောက်ကို အမှုသစ်ဖွင့်

iran

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပြန်လွတ်ပြီးနောက်တရက် တရားစွဲခံရ

မနေ့က ထောင်ကနေ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အီရန် သတင်းစာဆရာမနှစ်ယောက်ကို ခေါင်းစည်းမပါဘဲ ဓာတ်ပုံရိုက်လို့ ဆိုပြီး အီရန်တရားရုံးက အမှုသစ် ဖွင့်ခဲ့ပါတယ်။

မာရှာ အမီနီ ဘာသာရေးရဲအချုပ်မှာ သေဆုံးမှုအကြောင်း သတင်းပို့လို့ ဆိုပြီး နီလိုဖာ ဟာမာဒီနဲ့ အလာဟီ မိုဟာမေဒီတို့ကို ထောင်ထဲမှာ တနှစ်လောက် ထည့်ထားခဲ့ပါတယ်။

ထောင်အပြင်မှာ ပြန်လွတ်လာတဲ့ သူတို့နှစ်ယောက် ပြုံးနေတဲ့ ပုံတွေမှာ ဆံပင်ကို ဖုံးမထားတာကို တရားရုံးဘက်က ထောက်ပြခဲ့ပါတယ်။

ဒီပုံတွေက လူမှုကွန်ရက်မှာ လူကြည့်များတဲ့ ပုံတွေ ဖြစ်ခဲ့ပါတယ်။

မာရှာအမီနီကိုလည်း ခေါင်းစည်းကို မှန်အောင် မစည်းလို့ဆိုပြီး ဖမ်းဆီးခဲ့ပြီး အချုပ်ထဲမှာ သေဆုံးရမှုကြောင့် အီရန်တလွှားမှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်ခဲ့ပါတယ်။

ဖိလစ်ပိုင် စစ်စခန်းအဆင့်မြှင့်မယ်

Philippines

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ ဖိလစ်ပိုင် ရေပိုင်နက် အငြင်းပွားမှု ပိုတင်းမာ

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်နက် အငြင်းပွားနေကြတဲ့ ကျွန်းနဲ့ သန္တာကျောက်တန်းတွေပေါ်က ဖိလစ်ပိုင် စစ်စခန်းတွေကို အဆင့်မြှင့်သွားမယ်ဆိုပြီး ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

ပင်လယ်ရေသန့်စင်စက်တွေ တပ်တာအပါအ၀င် ဆက်သွယ်ရေးပစ္စည်းအသစ်တွေ တပ်ဖို့ ရှိပါတယ်။

ဖိလစ်ပိုင်ရဲ့ ဒေသတွင်း ကာကွယ်ရေးကို တိုးမြှင့်နိုင်ဖို့ နောက်ထပ် သင်္ဘော၊ ရေဒါစနစ်နဲ့ လေယာဉ်တွေ တိုးချဲ့၀ယ်ယူနေကြောင်း ဖိလစ်ပိုင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယို ဘရန်နာက ပြောပါတယ်။

သန္တာကျောက်တန်းများအရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှု တိုးနေတဲ့အချိန်မှာ ဒီကြေညာချက် ထွက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာက အင်အားပြင်းဆိုင်ကလုန်း

cyclone

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရီယူနီယံကျွန်းကို ဆိုင်ကလုန်းမုန်တိုင်းဝင်

အိန္ဒိယသမုဒ္ဒရာထဲက ရီယူနီယံကျွန်းကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဝင်လို့ မိုးအကြီးအကျယ်ရွာနေပါတယ်။

လူတွေ အိမ်ထဲနေကြဖို့နဲ့ မှန်ပြတင်းပေါက်နားတွေ မကပ်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

မိုးကြီးလို့ မြစ်ချောင်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။

လူ ၆၀၀ ရွှေ့ပြောင်းနေရတယ်လို့လည်း ကြက်ခြေနီက ပြောပါတယ်။

ဘီလားမုန်တိုင်းကို အင်အားပြင်း အပူပိုင်းမုန်တိုင်းတလုံး ဖြစ်လာမယ်လို့ အစက မမျှော်မှန်းခဲ့ကြပါဘူး။ ဒါကြောင့် မုန်တိုင်းသတိပေးချက်ကို အဆင့်လျှော့ချ ထားခဲ့ပါတယ်။

မောရိသျှကျွန်းမှာလည်း ဆိုင်ကလုန်းဒဏ်ကို ရင်ဆိုင်နေရပါတယ်။ ကျွန်းတောင်ပိုင်းကိုလည်း မကြာခင် မုန်တိုင်းဝင်ဖို့ ရှိပါတယ်။