စစ်ဆက်တိုက်မယ့် ပူတင် သတင်းစာရှင်းပွဲ - ဒီဇင်ဘာ ၁၄ ညပိုင်း နိုင်ငံတကာ သတင်းများ

russia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အရန်အင်အား ပူစရာမလိုဘူးလို့ပြော

ရုရှားမျှော်မှန်းချက်တွေ မရမချင်း ယူကရိန်းမှာ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူး ဆိုပြီး ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ ရုရှား ဝင်တိုက်ပြီးနောက် ပထမဆုံး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်အခြေအနေကောင်းကြောင်း မစ္စတာ ပူတင် စောဒက တက်ခဲ့ပါတယ်။

ရှေ့တန်းက ရုရှားတပ်တွေ အနေအထား တိုးတက်လာပြီး လက်ရှိအခြေအနေမှာ အရန်တပ်သားတွေကို ထပ်ဆင့်ခေါ်စရာ မလိုကြောင်း ပူတင်က ပြောပါတယ်။

လူထု ဖုန်းဖြေဆိုမှုပါပါတဲ့ နှစ်လည် သတင်းစာရှင်းပွဲကို မနှစ်က ဖျက်သိမ်းခဲ့ပါတယ်။

ရှေ့ဆက်တိုက်မယ့် ရုရှား ဆုံးဖြတ်ချက်က ယူကရိန်းစစ်မှာ ယုံကြည်မှု ရှိလာတဲ့ ပူတင်ရဲ့ စိတ်ကို ထင်ဟပ်ကြောင်း သုံးသပ်သူတွေက ပြောပါတယ်။

ယူကရိန်းအရေး အီးယူမှာ ဆွေးနွေး

Hungary

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘရပ်ဆဲရောက် ဟန်ဂေရီ ဝန်ကြီးချုပ် သြဘန်း

ဟန်ဂေရီနဲ့ တခြား အီးယူ နိုင်ငံတွေကြား ယူကရိန်းကိစ္စ ကွဲပြားမှု ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ဘရပ်ဆဲမြို့မှာ တွေ့ဆုံနေပါတယ်။

ဆွေးနွေးကြမယ့်အထဲ ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်ရေး အကူအညီ အများကြီး ပေးဖို့နဲ့ ယူကရိန်း အီးယူထဲ ဝင်ရေးအတွက် တရားဝင် ဆွေးနွေးတာတွေ စဖို့တွေ ပါပါတယ်။

ဟန်ဂေရီက ဒီကိစ္စနှစ်ခုလုံးကို ဗီတိုနဲ့ ပယ်ချမယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

အီးယူမှာ အဆင်မပြေဖြစ်ခဲ့ရင် ဒါကို ရုရှားခေါင်းဆောင် ပူတင်က အသုံးချလိမ့်မယ်ဆိုပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။

ဟားမတ်စ်တွေ လက်နက်ချတယ်ဆို

gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အပျက်အစီးကြားက ကမဲလ် အဒ်ဝမ် ဆေးရုံ

ဂါဇာမြောက်ပိုင်းက ဆေးရုံတရုံနားမှာ ဒါဇင်နဲ့ချီတဲ့ ဟားမတ်စ် သေနတ်သမားတွေ လက်နက်ချတယ်ဆိုတဲ့ အစ္စရေးစစ်တပ်က ဗီဒီယိုတခု ထုတ်လွှင့်ခဲ့ပါတယ်။

ကမဲလ် အဒ်ဝမ် ဆေးရုံအပြင်ဘက်မှာ ခါးအထက်ပိုင်း အဝတ်မပါတဲ့ အမျိုးသားတချို့ သေနတ်တွေ ခေါင်းပေါ် ကိုင်မြှောက်ထားတဲ့ပုံကို ဒီဗီဒီယိုမှာ တွေ့ရပါတယ်။

ဟားမတ်စ် စတင်ပြိုလဲလာပြီဆိုပြီး အစ္စရေး အစိုးရကြုံးဝါးနေတဲ့ တခြားဗီဒီယိုတခုနဲ့လည်း ဒီဗီဒီယိုက တူနေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး အစ္စရေးကို ရောက်မလာခင်မှာ ဒီဗီဒီယိုကို ထုတ်လွှင့်ခဲ့တာပါ။

ဂါဇာက ဟားမတ်စ်တွေကို ပစ်ခတ်ရာမှာ ပိုတိကျအောင်လုပ်ဖို့ အစ္စရေးကို ဂျိတ်ဆူလီဗန် တောင်းဆိုမယ်လို့ ယူဆရပါတယ်။

အင်ဒိုစပါးစိုက်ရာ စစ်တပ်ကူခိုင်း

indonesia

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, စပါးခင်းထဲက အင်ဒိုနီးရှားလယ်သမား

အယ်လ်နီညို ရာသီဥတုကြောင့် မိုးခေါင်ပြီး ကောက်ပဲသီးနှံအထွက်ကို ခြိမ်းခြောက်နေလို့ လယ်သမားတွေ စပါးစိုက်ရာမှာ ကူညီဖို့ အင်ဒိုနီးရှားသမ္မတက စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။

တချို့နယ်တွေမှာ မိုးရွာတာကို အခွင့်ကောင်းယူပြီး ပျိုးကြဲရာမှာ ကူညီဖို့ ဂျိုကိုဝီဒိုဒိုက စစ်အရာရှိတွေကို ပြောပါတယ်။

အင်ဒိုနီးရှားမှာ အောက်တိုဘာမှာ စပါးတွေ ပျိုးကြဲလေ့ရှိပေမယ့် မိုးမရွာတဲ့အတွက် ဒီနှစ် မစိုက်နိုင် ဖြစ်နေပါတယ်။

နောက်ပြီး လူငယ်တွေ မြို့တက်ပြီး စက်ရုံတွေမှာ လုပ်နေကြလို့ လယ်ကွင်းတွေမှာ စပါးစိုက်မယ့်သူမရှိ ဖြစ်နေကြောင်း အင်ဒိုနီးရှားစစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ကမ္ဘာ့ဆန်စျေးကလည်း ၁၅ နှစ်အတွင်း အမြင့်ဆုံးထိ ရောက်ရှိခဲ့ပါတယ်။

ဟောင်ကောင် တက်ကြွသူတွေကို ဆုငွေထုတ်ဖမ်း

hong kong

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံတော်လုံခြုံရေးဥပဒေ ချိုးဖောက်မှုနဲ့ ဝရမ်းထုတ်ခံရ

နိုင်ငံတော်လုံခြုံရေးဥပဒေကို ချိုးဖောက်မှုနဲ့ တက်ကြွလှုပ်ရှားသူ ငါးယောက်ကို ဟောင်ကောင်ရဲက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

နောက် တယောက်ချင်းစီကို ဖမ်းမိရင် ဒေါ်လာ တသိန်း တသောင်းသုံးထောင်လောက် ပေးမယ်ဆိုပြီးလည်း ဆုငွေထုတ်ခဲ့ပါတယ်။

ဆိုင်မွန် ချန်း၊ ဖရန်ဆစ် ဟွေး၊ ဂျိုဝီဆူး၊ ဂျော်နီ ဖော့နဲ့ တိုနီချွိုင်တို့ကို အဖျက်အမှောင့်လုပ်မှု၊ ခွဲထွက်ရန် ကြံစည်မှု၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှုတွေနဲ့ စွဲဆိုထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို တရုတ်အစိုးရက ဖိနှိပ်ဖမ်းဆီးမှုတွေ သိမ်းကျုံးလုပ်လာပြီးနောက် သူတို့အားလုံး ဟောင်ကောင်က ထွက်ပြေးကြပါတယ်။

နိုင်ငံအပြင်ဘက် ရောက်နေသူတွေကိုတောင် ဒီဥပဒေက အာဏာတည်တယ်ဆိုပြီး ဟောင်ကောင်အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ပိုင်နက်အပြင်ဘက်မှာ ဥပဒေစိုးမိုးအောင် ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ ရှင်းမပြနိုင်ခဲ့ပါဘူး။