အရှေ့အာရှတလွှား အပူချိန်မြင့်တက်မှုခံစားနေရ - မေလ ၁၆ရက် ညနေခင်း နိုင်ငံတကာသတင်းများ

အပူရှိန် မြင့်တက်မှုနဲ့ အတူ လျှပ်စစ်သုံးစွဲမှု တိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ်ပေါင်း ၄၀ အတွင်း စင်္ကာပူမှာ အပူဆုံး အခြေအနေ ဖြစ်ခဲ့

တရုတ်နိုင်ငံတလွှား နေရာတော်တော်များများမှာ အပူလှိုင်းဖြတ်တဲ့ဒဏ် ခံစားနေရပါတယ်။

လူတွေက လေအေးပေးစက် အသုံးများလာတာကြောင့် လျှပ်စစ်မီး သုံးစွဲမှု တိုးလာပါတယ်။

အာဏာပိုင်တွေကတော့ ပူပြင်းတဲ့ ရာသီဥတုအခြေအနေကြောင့် မနှစ်တုန်းကလို အခုနှစ်နွေမှာ လျှပ်စစ်ဓါတ်အားသုံးစွဲမှု အခက်ကြုံရလိမ့်မယ်လို့ သတိပေးထားပါတယ်။

အရှေ့ အာရှတလွှားမှာ လက်ရှိ ပူပြင်းတဲ့ဒဏ် အကြီးအကျယ် ခံစားနေရတာပါ။

ပြီးခဲ့တဲ့ စနေနေ့ကဆိုရင် စင်္ကာပူဟာ နှစ်ပေါင်း ၄ဝ အတွင်း အပူဆုံး အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဗီယက်နမ်မှာ ဆိုရင်လည်း လွန်ခဲ့တဲ့ တပတ်တုန်းက ၄၄ ဒီဂရီ စင်တီဂရိတ် အထိ အမြင့်ဆုံး အပူချိန်ကို ရောက်ခဲ့ပါတယ်။

ဆူဒန်- အယ်လ်ဂျနီနာမြို့တိုက်ပွဲတွေကြောင့် လူအယောက် ၃၅၀ သေဆုံးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေပြော

ဒါဖောမှာ ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက် ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဒန်မှာ စစ်တပ်နဲ့ အရန်လက်နက်ကိုင် အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ အဆုံးမသတ်သေး

ဆူဒန်နိုင်ငံက မြို့တော်ခါတွန်းမ် နဲ့ အနားကမြို့တွေ ဖြစ်တဲ့ အိုဒူရာမန် ၊ ဘာဟရီနဲ့ နိုင်းမြစ်တလျောက်ကမြို့တွေမှာ စစ်တပ်နဲ့ ပြည်သူ့စစ် RSF ကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

စစ်တပ်ကလည်း လေကြောင်းက ဆက်လက် တိုက်ခိုက် နေတာကြောင့် ဒေသခံတွေ အနေနဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အယ်လ်ဂျနီနာမြို့တဝိုက် တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် လူအယောက် ၃၅ဝ သေဆုံးတယ်လို့ ဒါဖောက လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

RSF ကို သစ္စာခံတဲ့ အာရပ်လက်နက်ကိုင်အဖွဲ့ ပြောကြားချက်အရ ခိုးဆိုး လုယက်မှုတွေနဲ့ အိမ်မီးရှို့မှုတွေလည်း ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒါဖောမှာ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ လုံးဝပျက်သုန်း သွားပြီလို့ Medics အဖွဲ့က ပြောပါတယ်။

အသံထက် ၅ ဆမြန်တဲ့ ရုရှားဒုံးကျည်တွေကို ယူကရိန်းပစ်ချ

ရုရှားဒုံးကျည်တွေ ပစ်ချနိုင်တာဟာ မယုံနိုင်လောက်တဲ့ အောင်မြင်မှုလို့ ယူကရိန်း စစ်တပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှား "Kinzhal" ဒုံးကျည်တွေကို ယူကရိန်း ပစ်ချ

ယူကရိန်းဟာ သူတို့ကို တညလုံး ဗုံးကြဲခဲ့တဲ့ ရုရှားရဲ့ နောက်ဆုံးပေါ် ဒုံးကျည် ၆ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပစ်ချခံရတဲ့ ရုရှားတို့ရဲ့ အသံထက် ငါးဆမြန်တဲ့ "Kinzhal" ဒုံးကျည်တွေကို ပူတင်ကတော့ တရကြမ်းတိုက်ခိုက်နိုင်တဲ့ လက်နက်လို့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

ယူကရိန်းစစ်တပ် ထုတ်ပြန်ချက်မှာ အဲဒီဒုံးကျည်တွေကို ဘယ်လိုပစ်ချခဲ့လဲ ဆိုတာ ဖော်ပြမထားပေမဲ့ လေတပ်ကတော့ ဒါဟာ မယုံနိုင်လောက်တဲ့ အောင်မြင်မှုလို့ ပြောပါတယ်။

အရင် "Kinzhal" ဒုံးကျည်တွေကိုတော့ အမေရိကန်ရဲ့ ပက်ထရီရော့ လက်နက်နဲ့ ပစ်ချခဲ့တာဖြစ်ပြီး အဲဒီလက်နက်တွေကို ပြီးခဲ့တဲ့ ဧပြီတုန်းက ယူကရိန်းကို ပေးအပ်ခဲ့တာပါ။

ယူကရိန်း အစိုးရကတော့ တညလုံး ဝင်လာသမျှ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အာလုံးကို ပစ်ချမယ်လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီး တိုက်ခိုက်သူတွေဆိုပြီး စစ်ခုံရုံးတင်

မစ္စတာခန်းထောက်ခံ ဆန္ဒပြသူ ၃ထောင်ကျော်ကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှု တစုံတရာ မကျူးလွန်ဘူးလို့ မစ္စတာခန်းပြော

ပါကစ္စတန်မှာ လူပေါင်း ၃,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ဖမ်းဆီးခံခဲ့ရစဉ် သူ့ကိုထောက်ခံသူတွေက ပန်ဂျပ်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မစ္စခန်း အဖမ်းခံရပြီးနောက် ဆန္ဒပြသူတွေ၊ အစိုးရရုံးတွေ၊ စစ်တပ်နဲ့ဆိုင်တဲ့ရုံးတွေကို ဖျက်ဆီးလို့ ဖမ်းဆီးထိန်းသိမ်းတာလို့ ဆိုပါတယ်။

ပြည်နယ်အာဏာပိုင်တွေကတော့ စစ်တပ်နဲ့ သက်ဆိုင်ရာကို တိုက်ခိုက်သူတွေကို အထူးစစ်ဥပဒေနဲ့ စီရင်မှာ ဖြစ်ပြီး အာမခံမရနိုင်သလို အရပ်ဘက် တရားရုံးမှာ အယူခံခွင့်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စတာခန်းကတော့ သူ့ထောက်ခံသူတွေဟာ အကြမ်းဖက်မှု ကျူးလွန်သူတွေ မဟုတ်ဘဲ အကြမ်းဖက်မှု ရှိခဲ့ရင် သီးခြားလွတ်လပ်တဲ့အဖွဲ့တခုက စုံစမ်းစစ်ဆေးပေးဖို့ ပန်ကြားထားပါတယ်။

ကမ္ဘာမှာ ကြိုးပေးကွပ်မျက်ခံရသူ ငါးနှစ်အတွင်း အမြင့်ဆုံးရောက်လာ

အီရန် ၊ ဆော်ဒီနဲ့ အီဂျစ်တို့ဟာ ကြိုးပေးမှု အများဆုံး နိုင်ငံတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၁၂လအတွင်း ကမ္ဘာနိုင်ငံတွေမှာ ကြိုးပေး ကွပ်မျက်မှု ၅၀% တိုးလား

ကမ္ဘာတလွှားမှာ လူသိရှင်ကြား ကြိုးပေးကွပ်မျက် သေဒဏ်စီရင်မှုတွေဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International ကပြောပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်း ကွပ်မျက်ခံရသူပေါင်း ၈၈၃ ယောက် ရှိခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်း ၅ဝ ရာနှုန်းကျော် တိုးလာတာလို့ AI က ဆိုပါတယ်။

ဒီအရေအတွက်တွေဟာ နှစ်စဉ် ထောင်နဲ့ချီ ကြိုးပေးကွပ်မျက်မှုတွေ ရှိတဲ့ တရုတ်ပြည်က အရေအတွက်ကို ထည့်မတွက်ထားပါဘူး။

အခု တရားဝင် စာရင်းသွင်းထားတဲ့ ကွပ်မျက်မှုတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အီရန် နဲ့ ဆော်ဒီအာရေဗျနဲ့ အီဂျစ်တို့မှာ ဖြစ်ပါတယ်။