ဒီဇင်ဘာ ၉ ရက် စနေညနေခင်း သတင်းများ - ဂါဇာမှာ ချက်ချင်းအပစ်ရပ်ဖို့ မဲခွဲ၊ အမေရိကန်တနိုင်ငံထဲက ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာတောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အစ္စရေးတင့်ကားတွေက ခန်းယူနွတ်စ်မြို့လယ်ကို တဖြည်းဖြည်း ချဉ်းကပ်လာနေပါပြီ။
အဲဒီမြို့မှာ တအိမ်တက်တအိမ်ဆင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး မြို့ခံတွေကတော့ ဒီထက်တောင်ပိုင်း ပိုကျတဲ့ အီဂျစ်နယ်စပ်နားက ရာဖာ ဒါမှမဟုတ် ကမ်းခြေနားဆီကို ပြောင်းပြေးနေကြရပါတယ်။
ဂါဇာတောင်ပိုင်း တလွှားမှာ လူပေါင်း အယောက် ၇၀ ကျော် အသတ်ခံခဲ့ရပြီး ဂါဇာမြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပေမယ့် ဆေးရုံတွေမှာ စနစ်တကျ လက်ခံကုသမပေးနိုင်တော့တာကြောင့် ထိခိုက်သေဆုံးတဲ့အရေအတွက် ပြောမပြနိုင်သေးဘူးလို့ ဟားမတ်စ် ကျန်းမာရေး ဌာနက ပြောပါတယ်။
ဂျဘလီယာ ဒုက္ခသည်စခန်းကိုတော့ အစ္စရေးတင့်ကားတွေက ဆက်လက် ဝိုင်းထားပြီး အထဲမှာပိတ်မိနေသူတွေက စားစရာနဲ့ သောက်သုံးရေ ပြတ်နေတာ ရက်အတန်ကြာပြီလို့ ပြောပါတယ်။
တချိန်တည်းမှာ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်က အမေရိကန်ဟာ စစ်ရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဂါဇာ ချက်ချင်း အပစ်ရပ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို ဗီတိုအာဏာသုံး ပယ်ချခံခဲ့ရပြီးနောက် မစ္စတာ အာဘတ်စ်က အခုလို ပြောလိုက်တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အဲဒီအဆိုပြုချက် ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်ရာမှာ အမေရိကန် တနိုင်ငံထဲက ဆန့်ကျင် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ယူကေကတော့ ကြားနေ မဲပေးခဲ့ပါတယ်။
အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ပါလက်စတိုင်းကလေးတွေ ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ သေဆုံး သွေးချောင်းစီးနေတာနဲ့ ပတ်သက်လို့ အမေရိကန်မှာ တာဝန်ရှိတယ်လို့ မစ္စတာ အာဘတ်စ်က ပြောပါတယ်။
ဂါဇာက ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဌာနကတော့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ပါလက်စတိုင်း အရပ်သားသေဆုံးသူ သောင်းခုနစ်ထောင်ကျော် ရှိလာပြီလို့ ဆိုပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင် တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်တိုးပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင် သင်္ဘော ၃ စင်းကို တရုတ်ဘက်က မီးသတ်ပိုက်တွေသုံးပြီး အနှောက်အယှက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင် အစိုးရ သင်္ဘောတွေက စားစရာနဲ့ လောင်စာဆီတွေကို စကားဘရာ့ရှိုးမှာ ရှိတဲ့ ငါးဖမ်းလှေတွေဆီ သွားအပေးမှာ အခုလို ကိစ္စရပ်တွေ ကြုံရတာပါ။
တရုတ်ဘက်ကတော့ သူတို့ရေပိုင်နက်ထဲ ကျူးကျော်လာတဲ့ သင်္ဘောတွေကို သူတို့အဆိုအရ အရေးယူဆောင်ရွက်မှုလုပ်တာလို့ ပြောပါတယ်။
နိုင်ငံတကာ ခုံရုံးကတော့ တရုတ်ရဲ့ လုပ်ရပ်က တရားမဝင်ဘူးလို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်ကြား အလားတူ ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်ပွားလျက် ရှိပါတယ်။
အာကာသထဲ ဂြိုလ်ထုတွေ ထပ်မံ လွှတ်တင်သွားဖို့ ရှိတယ်လို့ မြောက်ကိုရီးယား ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ နည်းလမ်းသစ်တွေကို တောင်ကိုရီးယား ၊ အမေရိကန်နဲ့ ဂျပန်တို့ သဘောတူလိုက်ကြပါပြီ။
အဲဒီ ၃ နိုင်ငံက အမျိုးသား လုံခြုံရေး အကြံပေးတွေဟာ ဆိုးလ်မြို့မှာ တွေ့ဆုံလျက်ရှိတာပါ။
မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ်နဲ့ ရုရှားနဲ့ စစ်ဖက်ရေးရာ ဆက်ဆံမှု တိုးလာတဲ့ အခြေအနေတွေကို အတူဖြေရှင်းမယ်လို့ သူတို့က ပြောပါတယ်။
ရုရှားအစိုးရဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံး သူလျှိုဂြိုလ်တု လွှတ်တင်ရေးကိစ္စကို အကူအညီပေးနေတယ်လို့ သံသယထင်နေရပါတယ်။
မြောက်ကိုရီးယား အစိုးရ မီဒီယာ မှာတော့ ဂြိုလ်တုတွေကို မကြာခင် ထပ်ပြီးလွှတ်တင်သွားဦးမယ်လို့ ပြောပါတယ်။
အာဏာရပါတီ အကြီးအကဲကနေ ဆင်းပေးလိုက်ရတဲ့ ဂျပန်၀န်ကြီးချုပ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်မှာ နိုင်ငံရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်လို့ အစိုးရပြောခွင့်ပုဂ္ဂိုလ်ကို ရာထူးကဖယ်ရှားပေးဖို့ ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ဖူမီယိုခီရှီဒါ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရာထူးကနေ ခဏဖယ်ထားခံရတဲ့ ဂျပန် အစိုးရအတွင်းဝန် ဟီရိုခါဇူ မက်ဆူနို ဟာ ရံပုံငွေပွဲတခုက ရတဲ့ ဒေါ်လာ ခုနစ်သောင်းကို တရားဝင်အသိပေးတာမရှိဘဲ လက်ခံရယူထားတယ်လို့ စွပ်စွဲခံနေရပါပြီး သူ့ကိုရာထူးက အပြီးတိုင် ဖယ်ပစ်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
ဒီကိစ္စဟာ အများပြည်သူရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရာကျတယ်လို့ ဝန်ကြီးချုပ်က အသိအမှတ်ပြုထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ဝန်ကြီးချုပ် မစ္စတာ ခီရှီဒါဟာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲအဖြစ်ကနေ ဆင်းပေးလိုက်ပြီး သူနဲ့ သူ့အစိုးရဟာ လူထုသဘောထားစစ်တမ်းတွေမှာ ထောက်ခံမှုကျဆင်းလျက် ရှိနေပါတယ်။








