ဟီရိုရှီးမားမှာ လုပ်မယ့် G 7 ထိပ်သီးဆွေးနွေးပွဲ-မေ ၁၈ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ

ဂျပန်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရောက်လာပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ရောက်လာပြီ

စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် ဂျပန်နိုင်ငံ ဟီရိုးရှီးမားမြို့ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ရောက်လာပြီ ဖြစ်ပါတယ်။

အိမ်ရှင် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သမ္မတ ဘိုင်ဒင်ကို ဆီးကြိုခဲ့ပြီး ဥပဒေစိုးမိုးမှု ရှိတဲ့ နိုင်ငံတကာ အခင်းအကျင်း ဖြစ်လာဖို့ရာ လုပ်ဆောင်မယ် ဆိုပြီး ပြောဆိုပါတယ်။

ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့နောက် ကမ္ဘာ့ကြီးဟာ ဘယ်လမ်းကို လိုက်ရမလဲ ဆိုတာ ရွေးချယ်ရတော့မယ့် လမ်းဆုံလမ်းခွကို ရောက်သွားခဲ့ပြီလို့လည်း ဝန်ကြီးချုပ် ကီရှီဒါက ပြောပါတယ်။

မနက်ဖြန် မေလ ၁၉ ရက် သောကြာနေ့ မှာ စတင်မှာ ဖြစ်ပြီး၊ ၃ ရက်တာ ကြာမြင့်မယ့် ဒီထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲအရေးနဲ့ အတူ၊ မြောက်ကိုရီးယားရဲ့ နယူကလီယာ လက်နက် အသုံးပြုနိုင်စွမ်း၊ တရုတ်ရဲ့ အင်အားပြမှု စတာတွေကြောင့် အင်ဒို ပစိဖိတ် ဒေသတွင်း တင်းမာမှုတွေ မြင့်တက် နေတဲ့ အခြေအနေတွေ အကြောင်း အဓိကထား ပြောဆိုကြမှာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ တွေ့ဆုံပြီးနောက် သမ္မတဘိုင်ဒန် ပြောတာက “ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ဝန်ကြီးချုပ် ကီရှီဒါ အိမ်ဖြူတော်ကို လာတုန်း ပြောသွားခဲ့တာကို ကျွန်တော် ကိုးကားပြောရရင် ....အခုအချိန်ဟာ ခေတ်သစ် သမိုင်းမှာတော့ လုံခြုံရေး ဆိုင်ရာ ကဏ္ဍမှာ အရှုပ်ထွေးဆုံး ဝန်းကျင် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီ အခြေအနေတွေကို ဂျပန်နဲ့ အမေရိကန် အတူတကွ ရင်ဆိုင် ဖြေရှင်းနေတဲ့ အပေါ် ကျွန်တော့် အနေနဲ့ အင်မတန် ဝမ်းမြောက် ဂုဏ်ယူပါတယ်။

ဂျပန်နဲ့ အမေရိကန်ဟာ တူညီတဲ့ စံတန်ဖိုးတွေ အတွက် အတူတကွ ရပ်တည် ကာကွယ်နေကြသူတွေ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နေတဲ့ ရဲဝံ့လှတဲ့ ယူကရိန်းပြည်သူတွေကို အားပေး ကူညီနေကြပါတယ်။ ၊ ရုရှားအနေနဲ့ သူတို့ရဲ့ ကြမ်းကြုတ်တဲ့ ရန်လိုမှုတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိ‌စေရေး အတွက်လည်း ကျွန်တော်တို့ လုပ်ဆောင် နေကြပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

ကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းတိုက်ခိုက်လာပြန်

ပျက်ကျလာတဲ့ မစ်ဆိုင်းဒုံး အစိတ်အပိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပျက်ကျလာတဲ့ မစ်ဆိုင်းဒုံး အစိတ်အပိုင်း

ဒီအချိန်မှာပဲ ယူကရိန်း ပြည်တွင်းကို ကြည့်ရင်တော့ မြို့တော် ကိယက်ဗ်ကို ပစ်မှတ်ထားပြီး ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ညတုန်းက လုပ်ဆောင် လာပြန်ပါတယ်။

လောလောဆယ် အထိတော့ သေဆုံးဒဏ်ရာရမှု သတင်း မကြားရသေးပါဘူး။

ရုရှားတို့ရဲ့ မစ်ဆိုင်းဒုံးကျည်တွေကို ကိယက်ဗ်မြို့တော် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ဖျက်ချနိုင်ခဲ့ပေမယ့်၊ ကျလာတဲ့ အပျက်အစီး အစိတ်အပိုင်းတွေကြောင့် မြို့တော်ရဲ့ အရှေ့ဘက်ပိုင်း နေရာ နှစ်ခုမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတောင်ဘက်ပိုင်း ဆိပ်ကမ်းမြို့ အိုဒက်ဆာလည်း ဒုံးကျည်နဲ့ တိုက်ခိုက် ခံခဲ့ရတာမှာ လူတစ်ဦး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရသွားကြောင်း အတည်ပြုထားနိုင်ပါတယ်။

အီတလီမြောက်ပိုင်းက မြစ်ရေကြီးမှု

မြစ်ကမ်းက တမံ ၃ နေရာလောက် ကျိုးပေါက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြစ်ကမ်းက တမံ ၃ နေရာလောက် ကျိုးပေါက်ခဲ့

အီတလီနိုင်ငံ မြောက်ပိုင်း အမာလီယာ-ရိုမားညား ဆိုတဲ့ အရပ်မှာ ရေကြီးမှု အကြီးအကျယ် ဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးတကြီး လုပ်ဆောင် နေရပါတယ်။

လက်ရှိ အတည်ပြုထားနိုင်သမျှ သေဆုံးသူ ၉ ဦး ရှိနေပါတယ်။ လူပေါင်း ၃ သောင်း ၃ ထောင်ကို နေအိမ်တွေကနေ‌ ရွှေ့ပေးခဲ့ရပြီး၊ ဘေးလွတ်ရာ စာသင်‌ကျောင်းတွေနဲ့ အားကစားရုံတွေမှာ နေရာချထား ပေးပါတယ်။

‌‌ဒေသခံတစ်ဦးက သူကိုယ်တွေ့ကြုံခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“မြစ်ရေကြီးမှု အန္တရာယ် သတိပေး အနီရောင် အဆင့် ထွက်လာခဲ့ပေမယ့်၊ အခုလောက်ထိ ဆိုးရွားသွားမယ်လို့ မထင်ခဲ့ပါဘူး။ မြစ်ကမ်းဘေး တာရိုး ၃ နေရာလောက် ကျိုးသွားပြီး၊ ရုတ်တရက်ကို ရေတွေ ဒလဟော ဝင်လာတာပါ။ လာကယ်မယ့်သူတွေကို စောင့်ရုံကလွဲပြီး ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး” ဆိုပြီး ပြောသွားတာပါ။

အခုချိန်ထိအောင် အဲဒီ အရပ်မှာ လမ်းတွေ သွားလာလို့ မရပဲ၊ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။

တရုတ်စစ်တပ်ကို လှောင်တဲ့သူကို ဘေဂျင်းမှာ ဖမ်းလိုက်ပြီ

ပြက်လုံးကြောင့် လီဟောင်ရှီကို ငှားရမ်းတဲ့ ကုမ္ပဏီကို ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြက်လုံးကြောင့် လီဟောင်ရှီကို ငှားရမ်းတဲ့ ကုမ္ပဏီကို ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်

တရုတ်နိုင်ငံမှာ စစ်တပ်အကြောင်း သရော်ပြီး ပြက်လုံး ထုတ်ခဲ့တဲ့ ဟာသ လူရွှင်တော် လီဟောင်ရှီ Li Haoshi ကို ဘေဂျင်းမြို့တော်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန်ပိုင်း တိုက်ရိုက် ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ပွဲမှာ မစ္စတာလီက တရုတ်စစ်တပ်ကို သမ္မတရှီကျင်းပင်က ချီးကျုးပြောဆိုခဲ့တဲ့ စကားလုံးတွေကို အသုံးပြုပြီး လမ်းဘေးခွေးတွေကို ပုံဖော် ပြောဆိုခဲ့ပါတယ်။

အဲဒီ ပြက်လုံးကြောင့် လီဟောင်ရှီကို ငှားရမ်းတဲ့ ကုမ္ပဏီကို ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်ခဲ့ပြီးတဲ့နောက်၊ နောက်တစ်ရက်မှာပဲ မစ္စတာလီကိုပါ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဘက်ပြောင်းသူတွေ ရေလမ်းကနေရောက်လာ

အခု နှစ်ပိုင်းတွေထဲ အစုလိုက်ထွက်ပြေးနိုင်မှု အများဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခု နှစ်ပိုင်းတွေထဲ အစုလိုက်ထွက်ပြေးနိုင်မှု အများဆုံး

မြောက်ကိုရီးယားက လူအုပ်စု တစ်စုဟာ ပင်လယ်ပြင်လမ်းကြောင်းကနေ ငါးဖမ်းလှေငယ်တစ်စင်းကို အသုံးပြုလို့ အခုလ အစောပိုင်းတုန်းက ထွက်ပြေးလာခဲ့ပြီး၊ တောင်ကိုရီးယားထံ ဘက်ပြောင်း ခိုလှုံလာကြတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

လူ ဘယ်နှစ်ယောက် ပါဝင်သလဲ ဆိုတာ အတိအကျ မသိရပေမယ့်၊ မိသားစုနှစ်စု ဖြစ်တယ်လို့ နားလည်ရပါတယ်။ ဒါဟာ ၆ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ပင်လယ်လမ်းကြောင်းကနေ ထွက်လာသူတွေရဲ့ ဘက်ပြောင်း ခိုလှုံမှု ဖြစ်ပါတယ်။

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်စ အချိန်ကတည်းက မြောက်ကိုရီးယားဟာ သူတို့ရဲ့ နယ်စပ်တလျှောက် အတော်လေး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ ထားပါတယ်။

ဒါ့ကြောင့် လူတွေ ထွက်ပြေးလို့ မရနိုင်လောက်အောင် ဖြစ်နေခဲ့ပြီး၊ အခုတစ်ကြိမ်ဟာ တချီထဲမှာ လူဦးရေ အများဆုံး ထွက်ပြေးလာနိုင်တာလို့ ယူဆရပါတယ်။

ပါကစ္စတန်၊ လာဟိုးမြို့မှာ တင်းမာမှုတွေ ပိုလို့မြင့်တက်

ခမ်းကို ရာဇသံပေးချိန် စေ့ဖို့နီးလာပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခမ်းကို ရာဇသံပေးချိန် စေ့ဖို့နီးလာပြီ

ပါကစ္စတန်နိုင်ငံ ၊ လာဟိုးမြို့တော်မှာ၊ ဝန်ကြီးချုပ်ဟောင်း အီမရန်းခမ်းရဲ့ နေအိမ်ရှိရာဆီ ဦးတည်နေတဲ့ လမ်းတွေကို ဖြတ်သန်း သွားလာခွင့် မပေးဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ထားပါတယ်။

အီမရန်ခမ်းကို လိုလား ထောက်ခံသူတွေက ပြီးခဲ့တဲ့ သီတင်းပတ် ဆန္ဒပြပွဲတွေ အတွင်း စစ်တပ်နဲ့ သက်ဆိုင်တဲ့ အရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

အဲဒီ ကျုးလွန်သူတွေကို မစ္စတာခမ်းက နေရာပေး ဝှက်ထားတယ်လို့လည်း အာဏာပိုင်တွေက ယူဆနေပါတယ်။ ဒါ့ကြောင့် မစ္စတာခမ်းကိုယ်တိုင် တာဝန်ယူလို့ သတ်မှတ်ရက် အမှီ အာဏာပိုင်တွေထံ လွှဲပေးရမယ် ဆိုပြီး အမိန့်ထုတ် ထားပါတယ်။

အခု သတ်မှတ်ချိန် နီးကပ်လာတာနဲ့ အမျှ လာဟိုးမြို့တော်မှာ အခြေအနေတွေဟာ ပိုတင်းမာ လာနေပါတယ်။

မစ္စတာခမ်းကတော့ သူ့အိမ်မှာ ဘယ်သူတွေကိုမှ ဝှက်ပေးထားတာမျိုး မရှိဘူး၊ အိမ်ထဲထိ ဝင်ရှာချင်ရင် ဝရမ်းယူလာခဲ့ ဆိုပြီး ပြောဆိုပါတယ်။