ဂါဇာရိက္ခာစခန်းတွေမှာ လုံခြုံရေးတွေက ပါလက်စတိုင်းတွေကို ပစ်ခတ်တယ်လို့ဆို

ဗီဒီယို ပုံစာ, ဂါဇာရိက္ခာဝေ စခန်းတွေမှာ လုံခြုံရေးတွေက ပါလက်စတိုင်းတွေကို ပစ်ခတ်ခဲ့
ဂါဇာရိက္ခာစခန်းတွေမှာ လုံခြုံရေးတွေက ပါလက်စတိုင်းတွေကို ပစ်ခတ်တယ်လို့ဆို

အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ဂါဇာထဲမှာ ရိက္ခာပေးဝေနေတဲ့ စင်တာတွေမှာ လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးက အဲဒီစခန်းတွေမှာ ရိက္ခာယူဖို့ တန်းစီနေတဲ့ အရပ်သားပြည်သူတွေကို သူ့ လုပ်ဖော်ကိုင်ဖက် လုံခြုံရေးတွေက ပစ်ခတ်ခဲ့တာကို သူမျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

အမေရိကန်ရဲ့ အထောက်အပံ့နဲ့ Gaza Humanitarian Foundation စင်တာတွေကို ပြီးခဲ့တဲ့ မေလအတွင်းက စဖွင့်ခဲ့ပြီးနောက် အဲဒီ စခန်းတွေ အနီးတဝိုက်မှာ ပါလက်စတိုင်းလူမျိုး ၄၀၀ ကျော် သေဆုံးပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီသီတင်းပတ်ထဲမှာတင် အစ္စရေး စစ်သားတွေက ဂါဇာထဲမှာ အကူအညီတွေ ရဖို့ ကြိုးစားနေသူတွေကို ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း ရာနဲ့ချီ ရှိတဲ့ ပရဟိတ အဖွဲ့တွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ GHF ရဲ့ ဝန်ထမ်းတွေထဲမှာလည်း ပါလက်စတိုင်းတွေကို အန္တရာယ်ပေးနိုင်တဲ့ အရိပ်အယောင် မရှိပေမဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တာတွေ ရှိကြောင်း အတွင်းရေး ဖော်ထုတ်သူဆီက သိရပါတယ်။

ဖောင်ဒေးရှင်းဘက်ကတော့ ဒီပြောဆိုမှုတွေ မမှန်ကန်ကြောင်း ငြင်းပါတယ်။ အစ္စရေးက ဂါဇာထဲကို နိုင်ငံတကာက သတင်းထောက်တွေ ဝင်ရောက်ခွင့် ပိတ်ထားပါတယ်။ ဘီဘီစီ သတင်းထောက် လူစီဝီလယမ်ဆင် ဂျေရုဆလင်မြို့က ပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။