ကက်ရှ်မီးယား အထူးအဆင့်အတန်းပေးတာကို ပယ်ဖျက်- ဒီဇင်ဘာ ၁၁ ညချမ်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသကို အထူးအဆင့်အတန်းပေးတာကို ပယ်ဖျက်တဲ့ အိန္ဒိယအစိုးရရဲ့ လွန်ခဲ့တဲ့ ၄ နှစ်က ဆုံးဖြတ်ချက်ကို အိန္ဒိယ တရားရုံးချုပ်က အတည်ပြုခဲ့ပါတယ်။
ပိုကောင်းတဲ့ အနာဂတ်အတွက် ကတိကဝတ်ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက ဒီဆုံးဖြတ်ချက်ကို ချီးကျူး ပြောကြားခဲ့ပေမယ့် ကက်ရှ်မီးယားက နိုင်ငံရေးအုပ်စုတွေကတော့ ဒါကို စိတ်ပျက်ကြပါတယ်။
ဗြိတိသျှလက်အောက်က အိန္ဒိယလွတ်လပ်ရေး ရပြီးနောက် ဒီဒေသကို တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ပေးခဲ့တာဟာ ယာယီသာဖြစ်ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။
အိန္ဒိယရဲ့ အိမ်နီးချင်း ပါကစ္စတန်ကလည်း ကက်ရှ်မီးယားဒေသတခုလုံးကို ရယူဖို့ တောင်းဆိုနေတာမို့ အိန္ဒိယတရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုကို ပယ်ချခဲ့သလို တရားရေးမဏ္ဍိုင် တိမ်းစောင်းမှုအဖြစ် ပါကစ္စတန်က ဝေဖန်ခဲ့ပါတယ်။
တရုတ်က ဖိလစ်ပိုင်ကို တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, EPA
တောင်တရုတ်ပင်လယ်က တရုတ်သင်္ဘောတွေနဲ့ ပတ်သက်ပြီး ရန်လိုတယ်လို့ ဖိလစ်ပိုင်ဘက်က ဝေဖန်သံတွေ ထွက်လာပြီးနောက် တရုတ်အစိုးရက ခုခံပြောကြားခဲ့ပါတယ်။
ပင်လယ်ပြင်မှာ ရန်စ ချိုးဖောက်တာတွေ ရပ်တန့်ဖို့၊ တောင်တရုတ် ပင်လယ် တည်ငြိမ် အေးချမ်းရေးကို မနှောင့်ယှက်ဖို့ တရုတ်က ဖိလစ်ပိုင်ကို ထပ်ပြီး တောင်းဆိုပါတယ်။ တရုတ်ပိုင်နက် လုံခြုံရေးနဲ့ ရေပြင်ပိုင်နက် အကျိုးစီးပွားတွေအတွက် ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေသုံးပြီး တရုတ်က တုံ့ပြန်သွားမယ်ဆိုပြီး တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ မော်နင်းက ပြောကြားခဲ့ပါတယ်။
တရုတ်က ဖိလစ်ပိုင်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ ပက်တယ်ဆိုပြီး စွပ်စွဲမှုတွေ ထွက်လာပြီးနောက် ဖိလစ်ပိုင်က တရုတ်သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
စကာဘရာ သန္တာကျောက်တန်းနဲ့ ဒုတိယသောမတ် ကျောက်တန်းတွေနားက နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ရေပြင်မှာ ရှိတဲ့ ဖိလစ်ပိုင် စစ်င်္ဘောနဲ့ ငါးဖမ်းသင်္ဘောတွေကို သွားပြီး ရိက္ခာထောက်တဲ့ သင်္ဘောတွေကို တရုတ်က ရေပိုက်နဲ့ ပက်တာလို့ ဆိုပါတယ်။
အမေရိကန်ကတော့ သူ့ရဲ့ မဟာမိတ် လက်ဟောင်းဖြစ်တဲ့ ဖိလစ်ပိုင်ဘက်က ထောက်ခံပေးပြီး တရုတ်ရဲ့ ကြောက်စရာ မတည်ငြိမ်တဲ့ အမူအရာကို ရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဂါဇာက ထွက်ကြဖို့ အစ္စရေး သတိထပ်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုက်ပွဲ ပိုပြင်းထန်လာတဲ့အတွက် ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်း ခန်းယူနစ်က ပါလက်စတိုင်းတွေ ထွက်ပေးကြဖို့ အစ္စရေးစစ်တပ်က ထပ်မံ သတိပေးလိုက်ပါတယ်။
တရက်အတွင်း ဂါဇာမှာ လူဒါဇင်နဲ့ချီ သေဆုံးကြောင်းလည်း ဟားမတ်စ်အုပ်ချုပ်တဲ့ ကျန်းမာရေး ဌာနက ပြောပါတယ်။
အစ္စရေးစစ်သား ၇ ယောက် ကျတယ်လို့လည်း အစ္စရေးဘက်က ကြေညာခဲ့ပါတယ်။
ဒါကြောင့် ပဋိပက္ခစပြီးကတည်းက ကျဆုံးတဲ့ အစ္စရေးစစ်သား တရာကျော်သွားပြီ ဖြစ်ပါတယ်။
အစ္စရေးထဲကို ဂါဇာဘက်က ဒုံးကျည်တွေ ပြန်ပစ်နေပြီး ဟိုလွန်မြို့က လူတယောက် ဒဏ်ရာရခဲ့ပါတယ်။
အေအိုင်ဒီအက်စ် ပညာပေးဆရာဝန် ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉ဝ ကျော်က တရုတ်ကျေးလက်မှာ အေအိုင်ဒီအက်စ် ကပ်ဘေးကြီး ကူးစက်ပြန့်ပွားနေတာကို ထုတ်ပြောခဲ့တဲ့ ဆရာဝန်အမျိုးသမီးကြီး အမေရိကန်မှာ ခိုလှုံနေထိုင်ရင်း ကွယ်လွန်သွားပါတယ်။
ဂေါင်ရောင်ဂျီဟာ တရုတ်ပြည်အလယ်ပိုင်း ဟေနန်ပြည်နယ်မှာ အလုပ်လုပ်တဲ့ သားဖွားမီးယပ်ဆရာဝန်တယောက် ဖြစ်ပြီး သွေးလှူရာကနေ လူထောင်ချီပြီး အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဆင်းရဲတဲ့ လယ်သမားတွေ ဆေးရုံကို သွေးရောင်းပြီး ငွေရှာကြတာကို အိပ်ချ်အိုင်ဗီပိုး ရှိမရှိ မစစ်ခဲ့သလို ဆေးထိုးအပ်တွေကိုလည်း ပြန်သုံးခဲ့ကြပါတယ်။
ဒီပြဿနာကို ထိမ်ချန်ဖို့ ကျန်းမာရေး အရာရှိတွေ ကြိုးစားခဲ့ကြပေမယ့် ဒေါက်တာ ဂေါင်က အိပ်ချ်အိုင်ဗီပိုးရဲ့ အန္တရာယ်ကို လူတွေ သိအောင် ပညာပေးခဲ့ပါတယ်။
တရုတ်ပြည်ကနေ ထွက်ပြီး အမေရိကန်မှာ သွားနေရချိန်ထိ ပညာပေး စည်းရုံးတာတွေ သူလုပ်ခဲ့ပါတယ်။








