တူရကီမှာ အင်အားပြင်းငလျင်ထပ်လှုပ်လို့ အနည်းဆုံး လူသုံးဦးထပ်မံသေဆုံး၊ လူ နှစ်ရာကျော် ဒဏ်ရာရ၊ ပိတ်မိသူတွေရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, EPA
တူရကီမှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်က အင်အားပြင်း ငလျင် နှစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူ ၃ ဦးသေဆုံးပြီး အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ထပ်မံရှာဖွေနေရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ဆီးရီးယားနဲ့ တူရကီ နှစ်နိုင်ငံလုံးမှာ အင်အားကြီးငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့အပြီး လူပေါင်း လေးသောင်းကျော် သေဆုံးခဲ့တဲ့နောက် မနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ဆီးရီးယားနိုင်ငံ နယ်စပ်အနီး အရှေ့တောင်ပိုင်းမှာ ပြင်းအား ၆.၄ အဆင့်နဲ့ ၅.၈ အဆင့်ရှိ ငလျင်ကြီးနှစ်ခုဟာ သုံးမိနစ်သာခြားပြီး ဆက်တိုက် လှုပ်ခတ်သွားတာဖြစ်ပါတယ်။
အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားမှာ လူပေါင်း ၄၄,၀၀၀ သေဆုံးခဲ့ပြီး လူသောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Antakya၊ Defne နဲ့ Samandag ဒေသတွေမှာ လူသုံးဦးသေဆုံးခဲ့ကြောင်းနဲ့ အန္တရာယ်ရှိနိုင်တဲ့ အဆောက်အအုံတွေကို မ၀င်ရောက်ဖို့ ပြည်ထဲရေးဝန်ကြီး Süleyman Soylu က တိုက်တွန်းထားပြီး လူ ၂၁၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယားမှာလည်း တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၄၇၀ ခန့် ဒဏ်ရာရခဲ့ပြီး ဆေးရုံကိုသွားရောက်ခဲ့ရကြောင်းနဲ့ ဒီငလျင်ကို အီဂျစ်နဲ့လက်ဘနွန်တို့မှာလည်း ခံစားခဲ့ရပါတယ်။




