ဘင်္ဂလားဒေ့ရှ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ လူ နှစ်ဦးသေဆုံး

ဆန္ဒပြသူတွေကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို နုတ်ထွက်စေချင်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Imgaes

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို နုတ်ထွက်စေချင်တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ခဲ့လို့ လူ နှစ်ဦးသေဆုံးပြီး နောက်ထပ် လူဒါဇင်နဲ့ချီ ဒဏ်ရာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမတိုင်ခင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကို ရာထူးကနေ နုတ်ထွက်ပေးဖို့ သုံးရက်ကြာဆန္ဒပြပွဲ ပထမနေ့မှာပဲ ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့သူတွေဟာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP)က ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားတာမရှိပါဘူး။

BNP အရာရှိ ရှာရီဖူ အလမ်ကတော့ သူတို့ကို ‘‘ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့တာ’’လို့ ပြောပါတယ်။

သေဆုံးတဲ့တက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ နိုင်ငံအလယ်ပိုင်း၊ ခီရှော့ဂန်ခရိုင်မှာ အင်္ဂါနေ့တုန်းကကျင်းပတဲ့ လူထုစုဝေးပွဲတစ်ခုကို တက်ရောက်နေတာဖြစ်ပြီး အဲဒီလူထုစုဝေးပွဲက BNP စီစဥ်ထားတဲ့ သုံးရက်ကြာဆန္ဒပြပွဲရဲ့ ပထမဆုံးနေ့ဖြစ်တယ်လို့လည်း သူက ဒါကာတိုင်းမ်စ် သတင်းဌာနကိုပြောပါတယ်။

သေဆုံးခဲ့သည့်နှစ်ဦးထဲက တစ်ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားတာလို့လည်း သူက ပြောပါတယ်။

ဒါကာတိုင်းမ်ရဲ့သတင်းဖော်ပြချက်အရဆိုရင် အဲဒီပစ်ခတ်မှုအတွင်း ရဲအရာရှိ ၁၅ ဦးအပါအဝင် လူ၅၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

ခီရှော့ဂန်ခရိုင် ရဲချုပ် မဟာမက် ရက်ဆဲ ရှိခ်ကတော့ BNP တက်ကြွလှုပ်ရှားသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ‘‘သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့’’ ပစ်ခတ်ခဲ့တာလို့ ဘီဘီစီ ဘင်္ဂလာ ဘာသာစကားဌာနကို ပြောပါတယ်။

ဝန်ကြီးချုပ် ဟာစီနာ လက်ထက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အတိုက်အခံတွေက ပြောဆိုနေပါတယ်။

စနေနေ့တုန်းကလည်း ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးရေးတောင်းဆိုတဲ့ ဒါကာမြို့က လူထုစုဝေးပွဲကို ရဲက လူစုခွဲခဲ့ပါသေးတယ်။ ရဲတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူ ၁၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ အာဏာပိုင်တွေဟာ ရဲသေဆုံးမှုနဲ့ပတ်သက်ပြီး BNP ပါတီ အထွေထွေအတွင်းရေးမှူး မီရာဇာ ဖာဟာ အစ္စလာမ် အလမ်ဂျီယာနဲ့ နောက်ထပ်ပါတီဝင် ၁၅၀ ကို တရားစွဲခဲ့ပါတယ်။

ဒါကာမြို့ ရဲတပ်ဖွဲ့ကတော့ အောက်တိုဘာလ ၂၁ ရက်ကတည်းကဆိုရင် အတိုက်အခံ တက်ကြွလှုပ်ရှားသူပေါင်း ၁,၄၈၀ ထက်မနည်းကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ BNP ဘက်ကတော့ ဖမ်းဆီးခံ အရေအတွက်ဟာ ၃,၀၀၀ နီးပါး အထိရှိတယ်လို့ပြောပါတယ်။

စနေနေ့တုန်းက ဖြစ်ခဲ့တဲ့ဆန္ဒပြမှုတွေအပြီးမှာတော့ အတိုက်အခံတက်ကြွလှုပ်ရှားသူ ရာချီ တရားစွဲဆိုခံထားရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စနေနေ့တုန်းက ဖြစ်ခဲ့တဲ့ဆန္ဒပြမှုတွေအပြီးမှာတော့ အတိုက်အခံတက်ကြွလှုပ်ရှားသူ ရာချီ တရားစွဲဆိုခံထားရပါတယ်

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကတော့ မငြိမ်မသက်ဖြစ်မှုတွေအတွက် ‘‘အလွန်စိုးရိမ်မိကြောင်း’’ နဲ့ ‘‘နိုင်ငံရေးအရ ပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ အခုလိုအကြမ်းဖက်မှုကို လက်မခံနိုင်တဲ့ကိစ္စအဖြစ် ရှင်းရှင်းလင်းလင်း လုပ်ဆောင်ကြဖို့’’ တောင်းဆိုထားပါတယ်။

ဝန်ကြီးချုပ် ဟာစီနာ ဟာ ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံးသမ္မတရဲ့ သမီးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက အာဏာရလာခဲ့တာဖြစ်ပါတယ်။

အတိုက်အခံပါတီတွေကို နိုင်ငံရေးအရ ပစ်မှတ်ထားဆက်ဆံတယ်လို့ စွပ်စွဲခံရပေမဲ့ သူကတော့ ငြင်းဆိုထားပါတယ်။

အင်္ဂါနေ့မှာပဲ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဟာ လုပ်ခလစာမျှတရေးတောင်းဆိုတဲ့ အထည်ချုပ်လုပ်သား ထောင်ချီနဲ့လည်း ဒါကာမြို့ပြင်ဘက်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ မီးသတ်ရေပိုက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်ကတော့ ဆန္ဒပြလူအုပ်တွေဟာ လမ်းတွေကိုပိတ်ဆို့ပြီး အနောက်တိုင်းအမှတ်တံဆိပ်နဲ့ အဝတ်အစားတွေထုတ်လုပ်တဲ့ စက်ရုံတွေကို ရိုက်ဖျက်တာတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။