ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအကြို မီးရှို့ဆူပူ- ဇန်နဝါရီ ၆ ရက် နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘင်္ဂလားဒေ့ရှ် အတိုက်အခံအများစု သပိတ်မှောက်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမတိုင်ခင် တရက်မှာပဲ မီးရှို့တိုက်ခိုက်မှု သတင်းတွေ ထွက်လာပါတယ်။
နိုင်ငံ အရှေ့တောင်ပိုင်းက ချက်တိုဂရမ်ခေါ် စစ်တကောင်းမြို့မှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တခု မီးရှို့ခံရပြီး အဝေးပြေးလမ်းမကြီးပေါ်က ကုန်တင်ကားတွေလည်း တိုက်ခိုက်ခံရပါတယ်။
နာရီပိုင်းအတွင်း မီးရှို့မှု အနည်းဆုံး ၁၄ ကြိမ် ရှိခဲ့ကြောင်း မီးသတ်ဌာနက စနေနေ့ အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါကာမှာ သောကြာနေ့က ဖြစ်တဲ့ ရထားတစင်း မီးလောင်မှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ဒီမီးကြောင့် အနည်းဆုံး ခရီးသည် လေးယောက် သေဆုံးခဲ့ရပါတယ်။
အစ္စရေးကို ဟစ်ဇ်ဘိုလာ ဒုံးကျည်နဲ့ပစ်

ဓာတ်ပုံ ရင်းမြစ်, EPA
ဘေရွတ်မှာ ဒီအပတ် အစောပိုင်းက ဟားမတ်စ် ထိပ်တန်း ခေါင်းဆောင်တယောက် သတ်ဖြတ်ခံရမှုကို ကနဦး တုံ့ပြန်တဲ့အနေနဲ့ ဟစ်ဇ်ဘိုလာက ဒုံးကျည်အများအပြား အစ္စရေးမြောက်ပိုင်းကို ပစ်လွှတ်ခဲ့ပါတယ်။
မယ်ရွန်က လေကြောင်း ပျံသန်းမှု ထိန်းချုပ်ရေး စခန်းတခုကို ဒုံးကျည် ၆၂ စင်းနဲ့ ပစ်ခတ်ခဲ့ကြောင်း အီရန်ထောက်ခံတဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ဘနွန်ဘက်က ပစ်ခတ်မှု အကြိမ် ၄ဝ လောက် ရှိပြီး ပြန်လည်တုံ့ပြန်ခဲ့ကြောင်း အစ္စရေး စစ်ဘက်ကလည်း ပြောပါတယ်။
ဟစ်ဇ်ဘိုလာရဲ့ ဗဟိုချက်ဖြစ်တဲ့ ဘေရွတ်တောင်ပိုင်းမှာ အင်္ဂါနေ့က အစ္စရေးတိုက်ခိုက်မှုလို့ မသင်္ကာဖွယ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် ဟစ်ဇ်ဘိုလာဘက်က လက်တုံ့ပြန်ဖို့ ကြုံးဝါးခဲ့ပါတယ်။
ဘလင်ကန် တူရကီရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေး- ဟားမတ်စ် ပဋိပက္ခနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကန် တူရကီ သမ္မတ ရီဆပ် အာဒိုဝမ်နဲ့ အစ္စတန်ဘူလ်မှာ ဆွေးနွေးခဲ့ပါတယ်။
စစ်မီး အရှိန်လျော့ရေးနဲ့ ဒေသထဲကို ကူးစက်မလာရေးအတွက် ကာကွယ်ဖို့ အာရပ်နိုင်ငံ တော်တော်များများကို မစ္စတာ ဘလင်ကန် ဆက်သွားဖို့ ရှိသလို အစ္စရေးကိုလည်း သူ ခရီးဆက်မှာ ဖြစ်ပါတယ်။
ဂါဇာ တောင်ပိုင်းက ခန်းယူးနစ်မြို့တဝိုက်မှာ အစ္စရေး ထိုးစစ် မရပ်သေးလို့ တရက်ထဲ လူ ၁၂၂ ယောက် သတ်ဖြတ်ခံရကြောင်းလည်း ဂါဇာ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဂျပန်ငလျင် သေသူ ၁၀၀ ကျော်

ဓာတ်ပုံ ရင်းမြစ်, Reuters
တနင်္လာနေ့က လှုပ်ခဲ့တဲ့ ဂျပန် ငလျင်ကြောင့် သေသူ အနည်းဆုံး ၁၂၆ ယောက် ရှိသွားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ ရည်ရွယ်ချက်ကလည်း အသက်ရှင်သူတွေကို ကယ်ထုတ်ရေးကနေ နောက်ထပ် အလောင်းတွေ သယ်ထုတ်နိုင်ရေးဘက်ကို ရွှေ့သွားပါပြီ။
ကပ်ဘေးသင့်တဲ့နယ်မြေကို အစာရေစာနဲ့ ရွှေ့ပြောင်းနိုင်တဲ့ အိမ်သာတွေ ပို့ပေးဖို့ အရေးကြီးကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။
ဂျပန်ပြည်ရဲ့ ကျွန်းမကြီး ဖြစ်တဲ့ ဟွန်းရှူးကျွန်းက အီရှီကာဝါနယ်မြေမှာ ငလျင်လှုပ်ပြီးနောက် လူနှစ်ရာကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရာသီဥတု ဆိုးရွားမှု၊ မြေပြိုကျမှုနဲ့ လမ်းတွေ ဆိုးဆိုးရွားရွား ပျက်စီးနေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေလည်း နှောင့်နှေးခဲ့ရပါတယ်။
ဂျပန်နဲ့ တင်းမာတဲ့ ဆက်ဆံရေး ရှိတဲ့ မြောက်ကိုရီးယားကတောင် ကရုဏာသက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အိန္ဒိယဆေးဝါးလုပ်ငန်းကို တင်းကျပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်လာဘီလျံနဲ့ချီပြီး တန်ဖိုးရှိတဲ့ အိန္ဒိယဆေးဝါးလုပ်ငန်းအတွက် ဒီနှစ်အတွက် ပြည့်မီရမယ့် ထုတ်လုပ်ရေး စည်းမျဉ်းသစ်တွေကို အိန္ဒိယအစိုးရက သတ်မှတ်လိုက်ပါတယ်။
အိန္ဒိယထုတ် ဆေးတွေကြောင့် လူသေဆုံးမှုတွေ ပြည်ပမှာ ဆက်တိုက် ဖြစ်လာပြီးနောက် ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီအစိုးရက ဆေးဝါးလုပ်ငန်းမှာ ဝင်ရောက် တင်းကျပ်ခဲ့ပါတယ်။
မနှစ်က ဆေးဝါးစက်ရုံ ၁၆၂ ရုံကို ဝင်စစ်ဆေးခဲ့ပြီး ကုန်ကြမ်းပစ္စည်း စစ်ဆေးတာ မရှိကြောင်း တွေ့ခဲ့ရတယ်လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လက ပြောပါတယ်။
နောက် ဒီစက်ရုံ တော်တော်များများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ နိုင်ငံတကာ ဆေးဝါး လုပ်ငန်း စည်းမျဉ်းတွေနဲ့ မညီတာကိုလည်း တွေ့ခဲ့ရပါတယ်။








