ဗာဂနာ သေဆုံးမှုနဲ့ မပတ်သက်ဘူးလို့ ရုရှားပြော - သြဂုတ် ၂၅ ညပိုင်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗာဂနာ ကြေးစား ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင် သေဆုံးမှုမှာ သူတို့လက်ချက်မပါကြောင်း ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။
ရုရှားအစိုးရ အမိန့်နဲ့ လုပ်ကြံခံရတယ်ဆိုပြီး အနောက်တိုင်း မီဒီယာတွေက ခန့်မှန်းကြပေမယ့် ဒီလို မှန်းဆချက်တွေက လုံးဝအလိမ်အညာတွေသာ ဖြစ်တယ်ဆိုပြီး သမ္မတ ပူတင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထွက်လာတဲ့အထိ စောင့်ဖို့လိုကြောင်းလည်း ဒီမစ်ထရီ ပက်စ်ကော့ဗ်က အလေးပေး ပြောဆိုပါတယ်။
ဒီကြေးစားတပ်ခေါင်းဆောင်ရဲ့ နာရေးကို အင်မတန် အလုပ်ရှုပ်တဲ့ မစ္စတာ ပူတင် တက်မယ်ဆိုတာ မဖြစ်နိုင်ကြောင်းလည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။
တခါက အင်မတန် နီးစပ်ခဲ့ပြီး ဇွန်လက ပုန်ကန်ဖို့ ကြိုးစားခဲ့တဲ့ မဟာမိတ် တယောက် သေဆုံးတာကို မှတ်ချက်ပေးဖို့ ပူတင် တရက် စောင့်ခဲ့ပါတယ်။
ယူကရိန်းဘက်က အကြီးဆုံး ဒရုန်း တိုက်ခိုက်မှုလှိုင်း

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းကို ရုရှား ကျူးကျော်ပြီးနောက် ယူကရိန်းဘက်က အကြီးဆုံး ဒရုန်း တိုက်ခိုက်မှုလှိုင်းကို ရုရှားမှာ ရင်ဆိုင်နေရကြောင်း သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဘက်က ဒရုန်း ၇၃ စင်း ပစ်မှတ်မထိအောင် တားဆီးနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
တချို့ ဒရုန်းတွေကို ပစ်ချပြီး တချို့ကိုတော့ အီလက်ထရောနစ်နည်းနဲ့ ထိန်းချုပ်ခဲ့ပါတယ်။
မော်စကိုကို ချိန်ရွယ်လာတဲ့ ဒုံးကျည်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားဘက်က ပြောပါတယ်။
ရုရှားနယ်မြေထဲ တိုက်ခိုက်မှုတွေကို ယူကရိန်းက မှတ်ချက်ပေးလေ့ မရှိပါဘူး။
ဒီတခါကတော့ ယူကရိန်းနယ်စပ်ကို ကျော်ပြီး ပထမဆုံး ပစ်တဲ့ ဒုံးကျည်ဖြစ်နိုင်ပါတယ်။
ဓာတ်ပေါင်းဖိုနားက ပင်လယ်ရေ နမူနာ စစ်

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျပန်နိုင်ငံ ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖိုနားက ပင်လယ်ရေ နမူနာတွေကို စစ်ကြည့်ရာမှာ ဘေးကင်းတာ တွေ့ရကြောင်း ဓာတ်ပေါင်းဖိုက တာဝန်ှရှိသူတွေက ပြောပါတယ်။
၂၀၁၁ ဆူနာမီလှိုင်းကြောင့် ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုမှာ အဆိပ်သင့်ခဲ့တဲ့ ရေတွေကို ပြန်လည်သန့်စင်ပြီးနောက် ပင်လယ်ထဲ စွန့်ပစ်ခဲ့ပါတယ်။ အဲဒီနောက် တရက်မှာပဲ ဒီရေတွေကို စစ်ဆေးခဲ့တာပါ။
ပျက်စီးသွားတဲ့ အဏုမြူဓာတ်ပေါင်းဖိုတွေကို အေးအောင် ဒီရေကို သုံးခဲ့ပါတယ်။
ရေစွန့်ပစ်မှု လုပ်ပြီးနောက် ဂျပန်က လာတဲ့ ပင်လယ်စာတွေ အားလုံးကို တရုတ်က ပိတ်ပင်ခဲ့လို့ ဂျပန် ပစ္စည်းပို့သူတွေ အကြီးအကျယ် အထိနာနေပါတယ်။
နောက်လာမယ့် ကုန်တွေ ညစ်ညမ်းမှာ စိုးလို့ ပင်လယ်ဆားကြမ်းကို အလုအယက် ၀ယ်တာတွေလည်း တရုတ်မှာ ဖြစ်နေပါတယ်။
အအေးသောက်ပိုက်တွေမှာ ဓာတုပစ္စည်းပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပလပ်စတစ်မဟုတ်တဲ့ အအေးသောက်ပိုက်တံဆိပ်အများစုမှာ အန္တရာယ်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါနေကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
ဒီ PFAS ဒြပ်ပေါင်းက ရေထဲ စိမ့်၀င်သွားနိုင်ပြီး နှစ်ထောင်ချီကြာအောင် မပြိုကွဲနိုင်သလို လူနဲ့ တိရစ္ဆာန်တွေရဲ့ အသားထဲမှာလည်း စုဖွဲ့လာနိုင်ပါတယ်။
စက္ကူနဲ့ ဝါးက လုပ်တဲ့ အအေးသောက်ပိုက်အများစုမှာ PFAS ဒြပ်ပေါင်းပါနေပြီး သံမဏိနဲ့လုပ်တဲ့ ပိုက်တွေမှာသာ မပါတာကို ပညာရှင်တွေ တွေ့ခဲ့ကြပါတယ်။
တခါသုံး ပလပ်စတစ် ပစ္စည်းတွေကို ပိတ်ပင်တဲ့ နိုင်ငံတွေများလာပြီးနောက် အပင်ထွက်ပစ္စည်းတွေက လုပ်တဲ့ အအေးသောက် ပိုက်တွေ အသုံးများ လာခဲ့ပါတယ်။
အမေရိကန်မှာ လုပ်တဲ့ ပထမသုတေသနမှာ အလားတူ ရလဒ်တွေ ထွက်လာပြီးနောက် ဘယ်လ်ဂျီယမ်မှာ သုတေသန ထပ်လုပ်တာ ဖြစ်ပါတယ်။








