ခန်းယူနစ်က ထွက်ကြဖို့ အစ္စရေး သတိပေး - ဒီဇင်ဘာ ၃ ရက် ညချမ်း ကမ္ဘာ့ သတင်းများ

gaza

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ဒဏ်ကြောင့် မွမွကြေနေတဲ့ ဂါဇာ

အစ္စရေးက ဂါဇာကို တတိယရက် ဗုံးဆက်ကြဲ နေပြီး ပါလက်စတိုင်းတွေကို တောင်ပိုင်း ခန်းယူနစ်မြို့နားက အမြန်ထွက်ကြဖို့ သတိပေးထားပါတယ်။

အဲဒီက အရပ်သားတွေကို ဘေးကင်းအောင် အစ္စရေး က မကြုံစဖူး အားထုတ်ကြိုးစားနေကြောင်း အစ္စရေး ဝန်ကြီးချုပ်ရဲ့ ထိပ်တန်း အကြံပေး မတ်ရီဒဗ်က ဘီဘီစီကို ပြောပါတယ်။

အင်တာနက် အခက်အခဲနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် စွန့်ခွာ ထွက်ပြေးဖို့ အမိန့်တွေကို အချိန်မီ လိုက်နာဖို့ ခက်ခဲကြောင်း ကုလသမဂ္ဂ အရာရှိတွေနဲ့ ဂါဇာက ပြည်သူတွေက ပြောပါတယ်။

အစ္စရေးအနေနဲ့ အရပ်သား အသေအပျောက် နည်းအောင် လုပ်ရမယ့် သိက္ခာပိုင်း ဆိုင်ရာ တာဝန်ရှိကြောင်းလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ သပိတ်

Bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြားဖြတ် အစိုးရကို အာဏာလွှဲပေးစေချင်

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှာ အဓိက အတိုက်အခံပါတီက နှစ်ရက်ကြာ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ လုပ်နေပြီး အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ အစိုးရ ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။

ဘတ်စ်ကား အများအပြားလည်း မီးတင်ရှို့ခံရပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP က ဒီလပိုင်းအတွင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နုတ်ထွက်ပေးဖို့ ဆန္ဒပြ ပိတ်ဆို့တာတွေ ဆက်တိုက်လုပ်နေပါတယ်။

အတိုက်အခံတွေက ဇန်နဝါရီလ ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြားဖြတ် အစိုးရကို အာဏာလွှဲပေးစေချင်ပါတယ်။

ထောင်နဲ့ချီတဲ့ အတိုက်အခံဘက်သားတွေလည်း ဖမ်းဆီးခံရပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက BNP ရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။

တရုတ် စစ်သင်္ဘော ၁၃၅ စီး စုဝေး

Philippines

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဝစ်ဆန်း ကျောက်တန်းတဝိုက် တရုတ်သင်္ဘောတွေ စုဝေး

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက်အငြင်းပွားနေတဲ့ နေရာမှာ တရုတ် စစ်သင်္ဘော ၁၃၅ စီး စုဝေးခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

ဝစ်ဆန်း သန္တာကျောက်တန်းတဝိုက် တရုတ်သင်္ဘောတွေ အများကြီး စုဝေးနေပြီး ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်ဘက်က ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်း အလားတူ စစ်ရေးလှုပ်ရှားမှုတွေ တရုတ်ဘက်က လုပ်ခဲ့ပါတယ်။

မနှစ်က ဖာဒီနန် မားကို့စ် အငယ် သမ္မတ ဖြစ်ပြီးနောက်ပိုင်း တရုတ်နဲ့ ဖိလစ်ပိုင်ကြား ပင်လယ်ရေပိုင်နက် ပိုင်ဆိုင်မှု ပြင်းထန်လာပါတယ်။

တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို တရုတ်ဘက်က ပိုင်ဆိုင်မှု တောင်းဆိုတာကိုလည်း နိုင်ငံတကာ တရားရုံးက ပယ်ချခဲ့ပါတယ်။

အိန္ဒိယ ရွေးကောက်ပွဲ ဘီဂျေပီ ဦးဆောင်

india

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘီဂျေပီတွေ အောင်ပွဲခံ

အိန္ဒိယမှာ အရင်လက ကျင်းပတဲ့ အရေးကြီးတဲ့ ဒေသန္တရ ရွေးကောက်ပွဲ အတွက် အာဏာရ ဟိန္ဒူ အမျိုးသားရေး ဘီဂျေပီပါတီက ပြည်နယ် လေးခုမှာ သုံးခု နိုင်နေပါပြီ။

မဒရာ ပရာဒက်ရှ်၊ ရာဂျစသန်နဲ့ ချက်တီစဂါ ပြည်နယ်တွေမှာ ဘီဂျေပီက ပြတ်ပြတ်သားသားနဲ့ ရှေ့က ဦးဆောင်နေပါတယ်။

အဓိက အတိုက်အခံဖြစ်တဲ့ ကွန်ဂရက်ပါတီကတော့ တောင်ပိုင်းက တေလင်္ဂဏ ပြည်နယ်မှာ ဦးဆောင်နေပါတယ်။

နောက်ခြောက်လမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာမို့ ဝန်ကြီးချုပ် နရိန္ဒရာမိုဒီအတွက် အားဆေးတခွက်လို ဖြစ်သွားပါတယ်။

ဘီဂျေပီ ထောက်ခံသူတွေ ဒေလီနဲ့ တခြားမြို့ကြီးတွေက ပါတီရုံးတွေရှေ့မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်၊ တီးမှုတ် ကခုန်ပြီး အောင်ပွဲခံနေကြပါတယ်။

တောင်ကိုရီးယား မွေးနှုန်းကျ

south korea

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကလေးနဲ့ အနာဂတ် အလုပ်သမား ဦးရေ ဆက်စပ်

တောင်ကိုရီးယားရဲ့ ကလေးမွေးနှုန်းကျနေတာကို ပြင်ဖို့ မကြိုးစားရင် ဒီရာစုနှစ် အလယ်ပိုင်းမှာ စီးပွားရေး စပြီး ကျဆင်းလာနိုင်ကြောင်း တောင်ကိုရီးယား ဗဟိုဘဏ်က ပြောပါတယ်။

ကလေးအရေအတွက် ကျဆင်းလာတဲ့အတွက် အနာဂတ် စီးပွားရေးကို မောင်းနှင်ဖို့ အလုပ်သမား နည်းပါးလာတာ ဖြစ်ပါတယ်။

နောက်လာမယ့် ဆယ်စုနှစ်တွေအတွင်း စုစုပေါင်း လူဦးရေ ၁ဝ သန်းကျော် ကျဆင်းလာနိုင်ကြောင်းလည်း တောင်ကိုရီးယား ဗဟိုဘဏ်က ပြောပါတယ်။

တောင်ကိုရီးယားမှာ အရင်မျိုးဆက်တွေ ခေတ်က စီးပွားရေး တိုးတက်မှုက ပြောစမှတ်ဖြစ်အောင် အောင်မြင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ လူဦးရေ ကျလာတာကို ကုစားဖို့ ရွှေ့ပြောင်းလုပ်သား တိုးခေါ်တာတွေ လုပ်ခဲ့ပါတယ်။