အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းတွေရဲ့ ဘဝ ပိုခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်အာဏာသိမ်းခံရပြီးနောက် မြန်မာနိုင်ငံမှာ ဆန္ဒပြတဲ့အထဲပါဝင်ရင်း၊ စစ်ရေးပဋိပက္ခနယ်မြေတွေကနေ နေထိုင်သွားလာရင်း၊ ထွက်ပြေးတိမ်းရှောင်ရင်းကနေ အသတ်ခံကြရတဲ့ မသန်စွမ်းတွေရှိနေသလို လက်နက်ကြီးထိမှန်လို့၊ မိုင်းနင်းမိလို့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်တောက်ပြီး မသန်စွမ်းသူတွေလည်း တိုးလာနေပါတယ်။
အရင်ကတည်းက မသန်စွမ်းတွေ လူမှုဝန်းကျင်မှာ ပူးပေါင်းပါဝင်ခွင့်အပါအဝင် မသန်စွမ်းအခွင့်အရေး ရရှိမှုနည်းပါးခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုလို စစ်အာဏာသိမ်းခံရချိန်မှာတော့ အသက်ဘေးအန္တရာယ် စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်နေကြရတယ်လို့ မသန်စွမ်းအခွင့်အရေး လှုပ်ရှားသူတွေက ဒီနေ့ ဒီဇင်ဘာ ၃ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မသန်စွမ်းသူများနေ့မှာ ပြောကြပါတယ်။
စစ်ရေးပဋိပက္ခတွေမှာ မသန်စွမ်းတွေဟာ အထိခိုက်အလွယ်ဆုံးအုပ်စုထဲမှာ ပါဝင်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MCERP ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီဘက်က ရွာမီးရှို့ဖို့ လာတဲ့အခါမှာ ကြိုပြီးတော့ အသိပေး လာတာမဟုတ်တဲ့အပြင် အင်တာနက်အဆက်အသွယ်တွေလည်း ပြတ်တောက်နေတဲ့အတွက် မသန်စွမ်းတွေဟာ တခြားသူတွေ ထွက်ပြေးနိုင်ရင်တောင် သူတို့က မပြေးနိုင်ဘဲ ကျန်ခဲ့တာ၊ ရွာမီးရှို့ခံရတဲ့အထဲပါတာ၊ အသတ်ခံရတာမျိုးတွေ ရှိတဲ့အကြောင်း ဦးဇော်လင်းထွန်းက ပြောပါတယ်။
စစ်အာဏာသိမ်းခံရချိန် နှစ်နှစ်နီးပါး ကာလအတွင်းမှာ အသတ်ခံရတဲ့ မသန်စွမ်း အယောက် ၄၀ ဝန်းကျင်၊ ထောင်ချခံရသူ ၅ ယောက်ဝန်းကျင်၊ မိုင်းဒဏ်၊ လက်နက်ကြီးဒဏ်တွေကြောင့် ကိုယ်အင်္ဂါ ၊ အကြားအာရုံ မသန်စွမ်းဖြစ်သွားကြရသူ တစ်ထောင်ဝန်းကျင်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MCERP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကိုင်း၊ မကွေး၊ ချင်း စတဲ့ အင်တာနက်၊ ဖုန်းအဆက်သွယ်တွေ ပြတ်တောက်နေတဲ့ ဒေသတွေမှာ အချက်လက်တွေ တိတိကျကျ မကောက်ယူနိုင်တာကြောင့် မြေပြင်မှာတော့ အခုအရေအတွက်တွေထက် ပိုများနိုင်တယ်လို့လည်း ကော်မတီက ပြောပါတယ်။
မွေးရာပါမသန်စွမ်းမဟုတ်ဘဲ ကိုယ်အင်္ဂါအပြည့်အစုံဘဝကနေ အခုလို မသန်စွမ်းတွေဖြစ်သွားကြတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေလည်း ရှိနေနိုင်တယ်လို့လည်း မသန်စွမ်းသူများအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်လှန်းရေးမှာ ပါဝင်ရင်း မသန်စွမ်းဖြစ်ရသူတွေ
စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း လက်နက်ကြီးဒဏ်၊ မိုင်းဒဏ်တွေကြောင့် စစ်ဘေးရှောင်ရင်း မသန်စွမ်းဖြစ်ကြရသူတွေရှိသလို စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ရင်း မသန်စွမ်းအဖြစ် ရောက်ခဲ့ရသူတွေလည်း ရှိပါတယ်။
ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလမှာ နင်းမိုင်း နင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်သွားရတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကလည်း သူ့အနေနဲ့ အခုအခါ တခြားသူရဲ့အကူအညီမပါဘဲ သွားလာဖို့ မဖြစ်နိုင်တော့ကြောင်း ပြောပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအတွက် စတင်ပါဝင်ကတည်းက အသက်ကိုပါထိခိုက်နိုင်တာကို သိထားကြတာကြောင့် ဒီလိုကိုယ်အင်္ဂါထိခိုက်မှုတွေကို ကြုံတွေ့ရမယ်ဆိုတာ ကြိုတင်မှန်းဆထားပြီးသားလို့လည်း သူက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ဘေးရှောင်စခန်းတွေနဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေမှာရှိတဲ့ မသန်စွမ်းတွေအတွက် ဆေးဝါးအကူညီ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ထောက်ပံ့ပေးနိုင်ဖို့ အခက်ခဲတွေရှိနေတယ်လို့လည်း မသန်စွမ်းသူများအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။








