မြို့လယ်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဆူဒန် မြို့တော်ကနေ ဒေသခံအများအပြား ထွက်ပြေး - ဧပြီ ၁၉ ရက် ညနေခင်း သတင်းများ

စစ်ဗိုလ်တွေကြား အာဏာလုနေတဲ့ ဆူဒန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်မီးတောက်နေတဲ့ ဆူဒန်ကနေ ထွက်ခွာဖို့ ကြိုးစားနေကြတဲ့ ဒေသခံတွေ

ဆူဒန်နိုင်ငံမှာ မြို့အလယ် ငါးရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာကြောင့် ခါတူးမ်မြို့ကနေ ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။

ဒီမနက်တုန်းက ပေါက်ကွဲမှုတွေ ထပ်မံ ပေါ်ထွက်လာတာကြောင့် အိမ်တွေထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေဆိုရင်လည်း ကြောက်ရွံ့တုန်လှုပ်နေကြပါတယ်။

Rapid Support Forces (RSF)လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက တင့်ကားတွေ ထရပ်ကားတွေနဲ့ လမ်းတွေပေါ် လှည့်လည် နေသလို ဂျက်တိုက်လေယာဉ်တွေကလည်း ဝေဟင်ကနေ RSF ရဲ့ ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန တဝိုက်ကလမ်းတွေနဲ့ လေယာဉ်ကွင်းတို့မှာ အလောင်းတွေ ပြန့်ကျဲနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေ ပြင်းထန်နေတာနဲ့ တချိန်တည်းမှာ သံရုံးတွေနဲ့ ကုလလက်အောက်ခံအဖွဲ့တွေက ပြည်ပဝန်ထမ်းတွေ ထွက်ခွာနေရေး စီစဉ်နေကြပါတယ်။

ဆူဒန်မှာ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ လူ ၂ဝဝ လောက် သေဆုံးတယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

လူမှုကယ်ဆယ်ရေးအေဂျင်စီ အဖွဲ့တွေရဲ့ ရုံးခန်း ခြံဝန်းတွေဟာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စီးနင်းတာ ခံထားကြရပါတယ်။

ဆူဒန်မှာ ပြိုင်ဘက် စစ်ဗိုလ်ချုပ်တပ်ဖွဲ့တွေကြား အာဏာလုပွဲအတွင်း ကြားဝင်ဆွေးနွေးဖို့ ကင်ညာ ၊ ဂျီဘိုတူနဲ့ တောင်ဆူဒန် ခေါင်းဆောင်တွေ ကြိုးစားနေကြပါတယ်။

ရေအောက် ဓာတ်အားလိုင်းနဲ့ ဆက်သွယ်ရေးဝါယာတွေ ရုရှားဖြတ်တောက်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံထားရ

နေတိုးနဲ့ စစ်ဖြစ်ရင် ရုရှားအကြံအစည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သုတေသန စစ်တမ်းတခုအတွက် ရေအောက်ဝါယာကြိုးတွေ သွယ်တန်းနေပုံ

ရုရှားဟာ မြောက်ပိုင်း ပင်လယ်ပြင်မှာ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး ကေဘယ်လ်ဝါယာကြိုးတွေ ဖြတ်တောက်ပစ်ဖို့ စီစဉ်နေတယ်ဆိုပြီး စွပ်စွဲ ခံနေရပါတယ်။

ဥရောပမြောက်ပိုင်းနဲ့ ဖင်လန်က အများပြည်သူပိုင်မီဒီယာတွေက ထုတ်လုပ်တဲ့ မှတ်တမ်းရုပ်ရှင်တခုမှာ အခုလို စွပ်စွဲ ပြောကြားထားတာပါ။

ရုရှားသင်္ဘောတွေဟာ ငါးဖမ်းသလိုလို ၊ ငါးဖမ်းပိုက်တွေအကြောင်း သိပ္ပံဆိုင်ရာ သုတေသန လုပ်သယောင်ယောင်နဲ့ နော်ဝေ ၊ ဒိန်းမတ်နဲ့ ဆွီဒင် နိုင်ငံတွေက ကမ်းရိုးတမ်းတလျှောက် သွားလာနေကြတယ်လို့ ဆိုပါတယ်။

တကယ်တော့ ရုရှားတို့ရည်ရွယ်ချက်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ စစ်ဖြစ်တဲ့အခါ အဖျက်အမှောက် လုပ်ငန်းတွေ လုပ်ဖို့ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆို ထားပါတယ်။

အလားတူ သင်္ဘောတစင်းကိုလည်း ဗြိတိန် ရေပြင်ပိုင်နက်မှာ တွေ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းမှာ အရပ်သားတွေ အတိုက်ခံရရင် စစ်ရေးအကူအညီ ပေးကောင်းပေးမယ်လို့ တောင်ကိုရီးယားသမ္မတ အရိပ်အမြွက်ပြော

အမေရိကန်ရဲ့ အာရှမဟာမိတ်တွေအပေါ် တွန်းအားပေးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းကို တောင်ကိုရီးယားက စစ်လက်နက် အကူအညီပေးလာနိုင်မလား

ယူကရိန်းမှာ အရပ်သားတွေ အများအပြား တိုက်ခိုက်ခံရတဲ့အခါကျရင် လူသားချင်းစာနာမှုနဲ့ စီးပွားရေး အကူအညီတွေထက် ပိုတဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားမှာပါလို့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးက ပြောကြားလိုက်ပါတယ်။

လက်နက်အဓိကထုတ်တဲ့ တောင်ကိုရီးယားဟာ အန္တရာယ်ရှိတဲ့ စစ်ဘက်ဆိုင်ရာ လက်နက် အကူအညီမပေးဘူးဆိုတဲ့ သူ့ရဲ့ ပေါ်လစီကို ပြန်ပြောင်းသုံးသပ်လာနိုင်တိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို လာမယ့်သီတင်းပတ်မှာ သွားရောက်ဖို့ ရှိတဲ့ တောင်ကိုရီးယား သမ္မတက ရိုက်တာနဲ့ အင်တာဗျူးမှာ အခုလို ပြောလိုက်တာပါ။

အမေရိကန်ဟာ ယူကရိန်းကို ပိုမိုထောက်ပံ့ဖို့ သူ့ရဲ့ အာရှမဟာမိတ်ကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အရာရှိတွေကတော့ အမေရိကန်ရဲ့ တိုက်တွန်းချက်အတွက် ရုန်းကန်နေရကြောင်းကို ပေါက်ကြားထွက်လာတဲ့ အမေရိကန် စစ်တပ်ရဲ့ စာရွက်စာတမ်းတွေက အရ သိရပါတယ်။

အိန္ဒိယလူဦးရေ အခုနှစ်လယ်ပိုင်းမှာ တရုတ်ကို ကျော်တက်သွားနိုင်တယ်လို့ ကုလခန့်မှန်း

တအိမ်ထောင် ကလေးတယောက်ပေါ်လစီကြောင့် တရုတ် လူဦးရေတိုးနှုန်းကျုံ့၀င်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တချိန်မှာ အိန္ဒိယလူဦးရေ ၁.၄ ဘီလီယံကျော် ရှိလာပြီး တရုတ်ကို ကျော်တက်နိုင်တယ်လို့ ကုလမှန်း

အိန္ဒိယဟာ အခုနှစ်လယ်လောက်မှာ တရုတ်ကို ကျော်တက်ပြီး ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလလူဦးရေရန်ပုံငွေအဖွဲ့ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယဟာ လူဦးရေ ၁.၄ ဘီလျံကျော် ရှိလာနိုင်ပြီး တရုတ်ထက် လူဦးရေ သုံးသန်းကျော်လာနိုင်တယ်လို့ ဆိုပါတယ်။

ခုနှစ်ပိုင်းတွေအတွင်း တရုတ်မှာ မွေးဖွားနှုန်း ကျဆင်းလျက်ရှိပြီး မနှစ်ကဆိုရင် ၁၉၆ဝ နောက်ပိုင်း ပထမဆုံး အနေနဲ့ လူဦးရေ ကျုံ့သွားခဲ့ပါတယ်။

လူနေမှုစရိတ်ကြီးမြင့်မှု ၊ အမျိုးသမီးတွေ အလုပ်ခွင်ထဲ ဝင်ရောက်မှု တိုးလာတာတွေဟာ လူဦးရေကျဆင်းမှုရဲ့ အကြောင်းတရားတွေလို့ ဆိုထားပြီး တစ်ချိန်တည်းမှာ တစ်အိမ်ထောင် ကလေးတစ်ယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ပေါ်လစီကြောင့် သက်ရောက်မှုရှိတာလို့လည်း ထောက်ပြ ကြပါတယ်။