ဂယ်ရီလိုင်နကာ ဘီဘီစီကို ပြန်လာမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်္ဂလန်ရဲ့ ဩဇာကြီး ဘောလုံး တိုက်စစ်မှူးဟောင်းလည်းဖြစ်၊ ဘီဘီစီရဲ့ အဓိက ဘောလုံးသုံးသပ်မှု အစီအစဥ်ကို နှစ်ရှည်လများ စီစဥ် တင်ဆက်သူအနေနဲ့ ဦးဆောင် လုပ်ဆောင်နေခဲ့တဲ့ ဂယ်ရီလိုင်နကာ Gary Lineker ဘီဘီစီမှာ ပြန်လည်တင်ဆက်ဖို့ ဘီဘီစီတာဝန်ရှိသူတွေနဲ့ကြား သဘောတူမှု ရပြီဖြစ်ပါတယ်။
“ဂယ်ရီဟာ ဘီဘီစီအတွက် အဖိုးထိုက်တန်လှတဲ့ အစိတ်အပိုင်းဖြစ်သလို၊ ဂယ်ရီ့ အနေနဲ့လည်း ဘီဘီစီကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ အခုလာမယ့် သီတင်းပတ်ကုန် အစီအစဥ်မှာ သူ ပြန်လည် တင်ဆက်မှာကို စောင့်ကြိုနေပါတယ်” ဆိုပြီး ဘီဘီစီရဲ့ ဒါရိုက်တာ ဂျင်နရယ် တင်မ် ဒေးဗီးက ပြောပါတယ်။
ဘီဘီစီ အနေနဲ့ ချမှတ်ထားတဲ့ ဝန်ထမ်းတွေ လိုက်နာရမယ့် ဆိုရှယ်မီဒီယာ အသုံးပြုမှု လမ်းညွှန်ကိုလည်း လွတ်လပ်တဲ့ ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်သွားမယ်လို့ ဘီဘီစီရဲ့ ထုတ်ပြန်ချက်ထဲ ဒါရိုက်တာ ဂျင်နရယ် တင်မ် ဒေးဗီးက ဆိုထားပါတယ်။
အထူးသဖြင့် ဂယ်ရီ လိုင်နကာတို့လို သတင်းနဲ့ မျက်မှောက်ရေးရာ ကဏ္ဍက မဟုတ်ဘဲ လွတ်လပ်တဲ့ ကန်ထရိုက် စာချုပ်တွေနဲ့ အလုပ်လုပ်နေကြသူတွေနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေပေါ် ဘယ်လိုမျိုး ပြုမူသင့်သလဲ ဆိုတဲ့ ရှိလက်စ လမ်းညွှန် အချက်အလက်တွေ အပေါ် အာရုံစိုက်ပြီး ပြန်လည် သုံးသပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို သုံးသပ်နေချိန်မှာ ရှိလက်စ လမ်းညွှန်ချက်တွေနဲ့ အညီ ပြုမူသွားဖို့ကိုလည်း ဂယ်ရီ့ဘက်က သဘောတူပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂယ်ရီလိုင်နကာကလည်း သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရှေ့ဆက်သွားနိုင်ဖို့ နည်းလမ်း ရရှိခဲ့လို့ ဝမ်းသာတယ်ဆိုပြီး ပြောထားပါတယ်။ ဒါ့အပြင် ပြန်လည် သုံးသပ်မှု ပြုလုပ်မယ် ဆိုတဲ့ အချက်ကိုလည်း ကြိုဆိုပြီး၊ ဘီဘီစီမှာ အစီအစဥ် ပြန်လည် တင်ဆက်ပေးဖို့ရာ စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။
ဂယ်ရီက ဘီဘီစီနဲ့ကြား သဘောတူမှု ပြန်လည် ရရှိအပြီး သူ့ဘက်က ထုတ်ပြန်ချက်ကို သူ့ရဲ့ တွစ်တာကနေ ပို့စ် ၄ ခု အနေနဲ့ တင်ပါတယ်။
အဲဒီမှာ ဂယ်ရီက ဘီဘီစီ အားကစား အစီအစဥ်တလွှားက သူတွေ၊ လုပ်ဖောက်ကိုင်ဘက်တွေ အခုရက်တွေမှာ သူ့အပေါ် ထောက်ခံမှု၊ သွေးစည်းမှု အပြည့်ပေးခဲ့တာကို အင်မတန် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် သူ ဟာ ဘီဘီစီနဲ့ ဆယ်စုနှစ် ၃ ခု နည်းပါး လက်တွဲ အလုပ်လုပ်ခဲ့တာမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ မျှတမှု အရှိဆုံး သတင်းဋ္ဌာနနဲ့ အလုပ်လုပ်ရတဲ့ အတွက် အနှိုင်းမဲ့ ဂုဏ်ယူတယ်လို့လည်း ဆိုထားပါတယ်။
ဂယ်ရီဟာ အဓိကအားဖြင့် စနေညတိုင်း MOTD လို့ အတိုကောက်ခေါ်တဲ့ Match of thef Day ဆိုတဲ့ ဘောလုံး သုံးသပ်မှု အစီအစဥ်ကို ဦးဆောင် တင်ဆက် နေသူ ဖြစ်ပါတယ်။ အဲဒီ အစီအစဥ်မှာ သူပြီး နောက်မျိုးဆက် ဖြစ်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားနဲ့ အီယန်ရိုက် တို့လို တခြား နာမည်ကြီး ဘောလုံးကျွမ်းကျင်သူတွေလည်း ပါဝင်ကြပြီး ဘီဘီစီရဲ့ ထင်ရှားတဲ့ အစီအစဥ် တစ်ခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ ဗြိတိန် အစိုးရရဲ့ လူဝင်မှုဆိုင်ရာ ဥပဒေနဲ့ ခိုလှုံခွင့် လျှောက်ထားနိုင်ခွင့်နဲ့ ပတ်သက်ပြီး ကဏ္ဍတချို့မှာ တင်းကျပ် ကန့်သတ်ချက်တွေ ချမှတ်တဲ့ ဥပဒေသစ်အပေါ် ဂယ်ရီက သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ်ကနေ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး ဝေဖန်တဲ့ အပေါ် အစိုးရကလည်း တန်ပြန် ပြစ်တင် ခဲ့သလို၊ ဘီဘီစီရဲ့ စည်းမျဥ်းနဲ့ ငြိစွန်းတယ် ဆိုပြီး ပြဿနာ ပေါ်ပေါက်ခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ဂယ်ရီ့ကို အစီစဥ်ကနေ ဆိုင်းငံ့ထား ခဲ့ပါတယ်။
ဂယ်ရီနဲ့ သွေးစည်းကြောင်း ပြတဲ့ အနေနဲ့ ဘယ် ဘောလုံး ကျွမ်းကျင်သူ၊ ဘောလုံး ဝေဖန်ရေးသမားကမှ အစားထိုး ဝင်ရောက်တာမျိုး မလုပ်တဲ့ အတွက် ပွဲ အဖြေ အရှုံးအနိုင် ရလဒ်တွေကို ပြတာကလွဲပြီး တင်ဆက်သူ၊ ဝေဖန်သူ၊ သုံးသပ်သူ မရှိဘဲ ပြသခဲ့ရပါတယ်။
MOTD အစီအစဥ်သာမက၊ ဘီဘီစီတလွှားက တခြား အားကစား အစီအစဥ်တွေက သူတွေလည်း ဂယ်ရီနဲ့ သွေးစည်းကြောင်း ပြသခဲ့တဲ့ အတွက် အစီအစဥ်တွေ အားလုံး ရှုပ်ထွေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။








