လူတစ်သန်းခွဲ စုဝေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ လစ္စဘွန်းမြို့ တရားပွဲ - ထိပ်တန်း နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပေါ်တူဂီနိုင်ငံမှာ ရောက်နေပြီး ဒီကနေ့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲကို လူသန်းနဲ့ချီ ကြီးမားများပြားလှတဲ့ လူအုပ်ကြီးရဲ့ ရှေ့မှောက် ပြုလုပ် ခဲ့ပါတယ်။
လစ်စဘွန်းမြို့ ဆင်ခြေဖုံး အရပ်မှာ ရှိတဲ့ မြစ်ကမ်းနံဘေး ဥယျာဉ်ထဲက လေဟာပြင် ကွင်းပြင်ထဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီမှာ နိုင်ငံတကာ ကက်သလစ်လူငယ် ပွဲတော် အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့တာရဲ့ အထိမ်းအမှတ် ဂုဏ်ပြု ကျင်းပတာလည်းပဲ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြု ဆုတောင်းပွဲကို တက်ရောက်ကြသူပေါင်း တစ်သန်းခွဲထိအောင် ရှိတယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီထဲက လူအတော်များများဟာ နေရာရဖို့ ကွင်းပြင်ထဲမှာ တစ်ညလုံး စခန်းချ အိပ်စက်ပြီး စောင့်ခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ကက်သလစ်ဘာသာဝင်တွေ စုဝေးနေခဲ့တာ ဖြစ်ပြီး အာဂျင်တီးနားကလာတဲ့ လူငယ်အမျိုးသမီး မာတီနာ ဆီလ်ဗက်စတာက အခု အတွေ့အကြုံကို အင်မတန် သဘောကျမိကြောင်း အခုလို ပြောပါတယ်။
“အင်မတန်လှပပါတယ်။ ကောင်းကင်ကြီးကို ကြည့်ပြီး တခါမှ မအိပ်စက်ဖူးပါဘူး။ နေမထွက်ခင်မှာပဲ နိုးလာခဲ့ပြီး၊ မိုးကုပ်စက်ဝိုင်းကနေ နေမင်းကြီး ပြူထွက်လာတာကို တွေ့ရပါတယ် ရင်သပ်ရှုမောပါပဲ။ ကြုံဖူးသမျှ အကောင်းဆုံး အတွေ့အကြုံပဲ ဆိုပြီး ပြောသွားတာပါ။
အဲဒီမှာ ရာသီဥတု အပူချိန် လွန်ကဲ မြင့်တက်မယ်ဆိုပြီး အနီရောင် သတိပေး အဆင့်ထိ ထုတ်ပြန်ထားပြီး၊ ၄၀ ဒီဂရီ ကျော်ထိအောင် ပူနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ယူကရိန်း သွေးသွင်းကုသဌာန တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားနဲ့ နယ်စပ်အနီး ယူကရိန်းမြို့ ကူပီအန့်စ် Kupiansk ရဲ့ မြို့ပြင်မှာ ရှိတဲ့ လူနာတွေကို သွေးသွင်းကုသပေးရာ အဆောက်အအုံကို ရုရှားတို့ ပစ်လွှတ်တဲ့ ဒုံး ထိမှန်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇာလန်းစကီးက ပြောပါတယ်။ ပစ်မှတ်ကို အသေအချာ ရွေးချယ် ထိန်းချုပ် ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံး အမျိုးအစား လာရောက် ထိမှန်တာလို့ ဆိုပါတယ်။
အဲဒီ အဆောက်အအုံကို လောင်ကျွမ်းနေတဲ့ မီးတောက်တွေနဲ့ ညသန်းခေါင် ကောင်းကင်ယံဟာ နီရဲ နေခဲ့ပါတယ်။ လူသေဆုံး ဒဏ်ရာရမှုတွေရှိတယ်လို့ သမ္မတ ဇာလန်းစကီးက ပြောရင်းမှာပဲ လူ့အသက်ကယ်တဲ့ အရာမှန်သမျှကို သတ်ဖြတ် ဖျက်စီးပစ်လိုတဲ့ ဆန္ဒကို အရင်းခံပြီး သားရဲတိရိစ္ဆာန်တွေ သဖွယ် ပြုမူတဲ့ စစ်ရာဇတ်မှုပဲလို့ ဆိုပါတယ်။
ကူပီအန့်စ်မြို့တစ်ခုထဲ တိုက်ခိုက်ခံရတာ မဟုတ်ပဲ ယူကရိန်း လေတပ်ရဲ့ အဆိုအရ သူတို့ဟာ တညလုံးလိုလို ရုရှားက ပစ်လွှတ်တိုက်ခိုက်နေတဲ့ ခရုဇ်မစ်ဆိုင်း ဒုံးကျည်တွေ၊ ဒရုန်းတွေကို ပစ်ချ ဖျက်ဆီး နေခဲ့ရတယ်လို့ ဆိုပါတယ်။ ရုရှား ပစ်လွှတ်သမျှ ခရုဇ်ဒုံးကျည် အစင်း ၄၀ ထဲက ၃၀ ကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ စုစုပေါင်း ၂၇ စင်း ရှိတဲ့ ဒရုန်းတွေ အားလုံးကို ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
ရုရှားတို့ ပစ်လွှတ်တဲ့ ဒုံးကျည်တွေထဲမှာ အသံထက်မြန်တဲ့ ကင်ဇယ် Kinzhal အမျိုးအစား မစ်ဆိုင်း ၃ စင်း ပါဝင်တယ်လို့ ယူကရိန်းက ပြောပေမယ့် ဘယ်နေရာကို ပစ်မှတ်ထား တိုက်ခိုက် ခံရတာလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မထုတ်ပြန်ပါဘူး။
မော်စကိုလည်း ဆက်တိုက် ပစ်မှတ်ထား ခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ၊ ရုရှားနိုင်ငံထဲကို ကြည့်ရင်လည်း မော်စကို မြို့တော်အနီး ချည်းကပ်လာတဲ့ ဒရုန်း တစ်စင်းကို မြို့တော် လေကြောင်းရန်ကာကွယ်ရေး စနစ်က ပစ်ချခဲ့တယ်လို့ မော်စကို မြို့တော်ဝန်က ပြောပါတယ်။
မော်စကိုမြို့တော်ရဲ့ နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်တဲ့ ဗီနူကိုဗို လေဆိပ်မှာ ခရီးစဉ်အားလုံးကို ဆိုင်းငံ့ ထားရပြန်ပါတယ်။ ဒါဟာ မော်စကိုမြို့တော် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ အတွက် တစ်ပတ် အတွင်း ၃ ကြိမ်မြောက် ဆိုင်းငံ့ရတာ ဖြစ်ပါတယ်။ မြို့တော်ရဲ့ စီးပွားရေး အချက်အချာ နေရာက မိုးမျှော်တိုက် တစ်လုံးဆိုရင် ယူကရိန်းရဲ့ ဒရုန်းတွေလို့ ယူဆရတာတွေရဲ့ တိုက်ခိုက်မှု နှစ်ကြိမ် ထိမှန် ခံခဲ့ရပါတယ်။
နီဂျဲအာဏာသိမ်း စစ်အုပ်စုကို အီကိုဝပ်စ်ရဲ့ ရာဇသံ ရက်ချိန်း စေ့နေပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီကနေ့ဆိုရင် နီဂျဲနိုင်ငံမှာ အရွေးကောက်ခံ သမ္မတကို အာဏာပြန်အပ်နှင်းဖို့ အာဏာသိမ်း စစ်အုပ်စုကို အနောက် အာဖရိက နိုင်ငံများ အဖွဲ့ အီကိုဝပ်စ်က ရာဇသံပေးထားတဲ့ နောက်ဆုံးနေ့ ပြည့်ပြီ ဖြစ်ပါတယ်။
သမ္မတ မိုဟာမက် ဘာဇူးမ်ကို ဖယ်ရှားခဲ့တဲ့ စစ်အုပ်စု အနေနဲ့ သမ္မတကို အာဏာပြန်အပ်ဖို့ မလိုက်နာဘူး ဆိုရင် စစ်ရေး အသုံးပြုပြီး အရေးယူမယ်လို့ အီကိုဝပ်စ် အဖွဲ့က ပြောထားပါတယ်။
ဒါပေမယ့်လည်း အီကိုဝပ်စ်ထဲက အဓိက အင်အားကြီးနိုင်ငံ ဖြစ်တဲ့ နိုင်ဂျီးရီးယားက နိုင်ငံရေး ခေါင်းဆောင်တွေကတော့ စစ်ရေးထက်စာရင် သံတမန်နည်းလမ်း သုံးပြီး ဖြေရှင်းဖို့ သူတို့ရဲ့ အစိုးရကို တိုက်တွန်းနေပါတယ်။ တခါ၊ နီဂျဲရဲ့ မြောက်ဘက် နယ်နမိတ်ချင်း ထိစပ်နေတဲ့ အယ်လ်ဂျီးရီးယားကလည်း စစ်ရေး အသုံးပြု စွက်ဖက်တာမျိုးကို အလုံးစုံ ဆန့်ကျင်တယ်လို့ ပြောထားပါတယ်။
ဖိလစ်ပိုင် ရေယာဉ်တွေကို တရုတ်ကမ်းစောင့်တပ် အင်အားသုံးထိန်းချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံဟာ သူတို့ရဲ့ ရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် လှေသင်္ဘောတွေကို ထိန်းချုပ်လိုက်တယ်လို့ ကြေညာပါတယ်။ လိုအပ်တဲ့ အင်အားသုံးပြီး ထိန်းချုပ်တာလို့ ဆိုပါတယ်။
ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ် ကမ်းစောင့်တပ်ဖွဲ့က မီးသတ်ပိုက်တွေ အသုံးပြုပြီး ရန်မူခဲ့ကြတယ်လို့ ဖိလစ်ပိုင် အစိုးရဘက်ကလည်း ပြောပါတယ်။ ဒါဟာ မနေ့ စနေနေ့တုန်းက ဖြစ်ခဲ့တာပါ။
ပိုင်နက် အငြင်းပွားနေတဲ့ စပရက်တလီ ကျွန်းစုထဲ စစ်အခြေစိုက်စခန်း ပြုလုပ်ထားတဲ့ ကျွန်းတစ်ခု ရှိရာဆီ ထောက်ပို့ အတွက် သွားတဲ့ ဖိလစ်ပိုင် ကမ်းစောင့်တပ်ဖွဲ့တွေပါ ပါဝင်တဲ့ ရေယာဉ်တွေ အခုလို ထိန်းချုပ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ တရားမဝင် သယ်လာတဲ့ ဖိလစ်ပိုင် ရေယာဉ် ၄ စင်းကို တရုတ် ရေပိုင်နက်ထဲကနေ ပြန်လည် နှင်ထုတ်ခဲ့တယ် ဆိုပြီး တရုတ် အာဏာပိုင်တွေဘက်ကလည်း ပြောနေပါတယ်။
မဏိပူရမှာ မျိုးနွယ်စု အဓိကရုဏ်း ဆက်လက်ဖြစ်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနဲ့ ကပ်ရက် အိန္ဒိယ အနောက်မြောက်ပိုင်း ပြည်နယ် မဏိပူရမှာ လူမျိုးစုတွေကြား အဓိကရုဏ်းတွေ ဆက်လက် ရှိနေပါတယ်။ အိမ်တွေကို မီးတင်ရှို့ဖို့ လုပ်နေတဲ့ လူအုပ်ကို ဖြိုခွဲနိုင်ဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့ရပါတယ်။ မြို့တော် အင်ဖာအနီး လူနေအိမ် ၁၅ လုံး ဝန်းကျင်နဲ့ စီးပွားရေးသုံး အဆောက်အအုံ တစ်လုံး လူအုပ်လက်ချက်နဲ့ ပျက်စီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်က ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း လး ၃ ယောက် သေဆုံး ခဲ့ရပြီး နောက်ဆက်တွဲ အခုလို ဆက်လက် ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ မြန်မာတွေ ကသည်းလို့ ခေါ်ကြတဲ့ လူများစု မဲ့သေးတွေနဲ့ လူနည်းသု ကူကီးတွေကြား တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ မေလ ကတည်းက ပေါ်ပေါက် လာခဲ့တာမှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ပါကစ္စတန် အမြန်ရထား လမ်းချော် တိမ်းမှောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန် နိုင်ငံ တောင်ပိုင်းမှာတော့ အမြန်ရထား လမ်းချော် တိမ်းမှောက် ခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၁၅ ယောက် ရှိပြီး၊ နောက်ထပ် အယောက် ၅၀ ကျော်လည်း ဒဏ်ရာတွေ ရသွားပါတယ်။ ကရာချိကနေ အဘိုတာဘတ်ကို ခုတ်မောင်းလာတဲ့ ဟာဇရာ အိတ်ဇ်ပရက်စ် တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ မီးရထား အာဏာပိုင်တွေက ပြောပါတယ်။ တိမ်းမှောက်နေတဲ့ တွဲတွေထဲကနေ ခရီးသည်တွေကို ကယ်ထုတ်နိုင်အောင် အရေးပေါ် ကယ်ဆယ်ရေး သမားတွေ ကြိုးစားနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။








