ဂျပန် ဝန်ကြီးချုပ် မီးခိုးဗုံးနဲ့ အပစ်ခံရ-ဧပြီ ၁၅ ရက် ညနေခင်းနိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကို မီးခိုးဗုံးနဲ့ ပေါက်ခဲ့တယ်လို့ သံသယရှိတဲ့ အသက် ၂၄ နှစ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ဝါကာယာမမြို့မှာ မစ္စတာ ကီရှီဒါ မိန့်ခွန်းပြောကြားနေစဉ်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနောက် လုံခြုံရေး တပ်ဖွဲ့တွေက မီးခိုးဗုံးနဲ့ ပစ်ပေါက်တယ်လို့ သံသယရှိတဲ့ ရူဂျီ ကီမူရာ ဆိုတဲ့ အမျိုးသားကို အလျင်အမြန် ဖမ်းဆီးခဲ့ပါတယ်။

ဘာကြောင့် ဗုံးနဲ့ ပစ်ပေါက်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တာဝန်ရှိသူတွေက မထုတ်ပြန် သေးပါဘူး။

ဝန်ကြီးချုပ်ကို အခုလို ဗုံးနဲ့ပစ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီးဂျပန်နိုင်ငံသားတွေ စိုးရိမ်ပူပန် နေပါ တယ်။

‘ဝန်ကြီးချုပ်ဟောင်း အာဘေးလည်း ဒီလို ဖြစ်ခဲ့တာပါပဲ။ ဒီလို ပြန်ဖြစ်တဲ့အပေါ် ထိတ်လန့် မိပါတယ်။ ကျွန်မ သွားနေတဲ့အချိန် လမ်းမှာ ရဲနဲ့ လုံခြုံရေး အစောင့်ကားတွေ အများကြီး တွေ့မိပါ တယ်။ ဘာမှမဖြစ်ဘူးလို့ ထင်ပေမဲ့ သတင်းတွေ ဖတ်တော့ အံသြမိပါတယ်’လို့ ဂျပန် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာ ရွေးကောက်ပွဲ စည်းရုံး လှုပ်ရှားမှုကို သူက ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

ဒီနောက် အားလုံး ရွေးကောက်ပွဲ အတွက် ပါဝင်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေက ဖြစ်တောင့်ဖြစ်ခဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံခဲ့ရပြီးတဲ့နောက် နိုင်ငံရေးသမားတွေရဲ့ လုံခြုံရေး အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။

မွတ်ဆလင်နဲ့ ဟိန္ဒူ အဓိကရုဏ်းကြောင့် အိန္ဒိယမှာ ကာဖျူးထုတ်ပြန်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဆန်ဘာပါမြို့ ဘာသာရေးပွဲတော်တခုအတွင်းမှာ မွတ်စလင်နဲ့ ဟိန္ဒူတွေ အဓိကရုဏ်း ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရတဲ့ ကာဖျူးကို အကန့်အသတ် မရှိ ထုတ်ပြန်ထားပါတယ်။

သြဒိဿပြည်နယ် ဆန်ဘာပါမှာ လူအုပ်က ဆိုင်အတော်များများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အခုလို အမိန့်ထုတ်ပြန်လိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟာနုမန်ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ဟိန္ဒူဘာသာဝင်တွေက ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည်ရာမှာ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခံရပြီးတဲ့နောက် အခုလို အကြမ်းဖက်မှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ လူ ၃ဝ နီးပါးကိုလည်း ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

ပြည်နယ်အတော်များများမှာလည်း ဟိန္ဒူ ဘာသာရေးပွဲတော်အတွင်း အလားတူ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ကျန် နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဂျာမနီပိတ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂျာမနီနိုင်ငံမှာ ကျန်နေတဲ့ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၃ ခုကို ဧပြီ ၁၅ ရက် ဒီကနေ့မှာ ပိတ်လိုက်ပါတယ်။ ဒီနေရာ ၃ ခုကို ပိတ်သိမ်းဖို့အတွက် သဘောထား ကွဲလွဲမှုတွေ ရှိနေပေမဲ့လည်း အခုလို ပိတ်လိုက်တာ ဖြစ်ပါတယ်။

နျူကလီးယား စွမ်းအင်သုံး စက်ရုံ ပိတ်သိမ်းဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေ ဘာလင်မှာ စုရုံးပြီး ဒီလုပ်ငန်းက ခေတ်မမီတော့ဘူးလို့ ဆိုတဲ့အနေနဲ့ သေဆုံးနေတဲ့ ဒိုင်နိုဆောပုံကို ပုံဖော်နေကြပါတယ်။

အခုချိန်မှာ ဒီလိုလုပ်ဆောင်လိုက်တဲ့ အပေါ် ဂျာမနီမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ရုရှားရဲ့ စွမ်းအင်ကို မှီခိုနေရတဲ့ ဂျာမနီက ဒီအထောက်အပံ့ကို မမှီခိုဖို့ရအောင် အတင်းအကျပ် လုပ်ဆောင်ခဲ့ပြီး သဘာဝလောင်စာကို အစားထိုးဖို့ နျူကလီးယား စွမ်းအင်က ရွေးချယ်မှုတခုလို့ ကျွမ်းကျင်သူတွေက ရှုမြင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပိတ်လိုက်တဲ့အပေါ် ဆန္ဒပြမှုတွေလည်း နောက်ပိုင်းမှာ ရှိလာနိုင်ပါတယ်။

ဆူဒန်မြို့တော်မှာ ပစ်ခတ် ပေါက်ကွဲမှုတွေ ဖြစ်ပွား

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆူဒန်နိုင်ငံမြို့တော် ခါတွန်းမှာ သမ္မတအိမ်တော် အပါအဝင် အပြင်းအထန် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပါတယ်။

ဆူဒန် စစ်တပ်ရဲ့ တပ်ဖွဲ့တွေနဲ့ Rapid Support Forces (RSF)လို့ အမည်ပေးထားတဲ့ တပ်ဖွဲ့တို့ ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီတပ်ဖွဲ့က နိုင်ငံတကာ လေဆိပ်ကို သိမ်းထားတယ်လို့ ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းက မြို့တော် မာရိုဗီမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဘာကြောင့် ဖြစ်ပွားနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်နဲ့ RSF အဖွဲ့ကြားမှာ တင်းမာမှုတွေ ပိုမို ဖြစ်ပွားလာတယ်လို့လည်း သူက ဆိုပါတယ်။

ဒေသတွင်းနဲ့ အနောက်ခေါင်းဆောင်တွေက တင်းမာမှုတွေကို လျော့ချဖို့နဲ့ အရပ်သား အစိုးရပြန်လည် အုပ်ချုပ်ဖို့ ရည်ရွယ်ပြီး ဆွေးနွေးမှုတွေ လုပ်ကြဖို့ တိုက်တွန်းနေပါတယ်။

ဧဝရက်တောင်တက်တဲ့ ပျောက်ဆုံးနေတဲ့ လမ်းပြတွေကို ရှာဖွေဖို့ အစီအစဉ် ရပ်ဆိုင်း

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

နီပေါနိုင်ငံမှာ ဒီသတင်းပတ်အတွင်း ဧဝရက်တောင် တက်ရင်း ပျောက်ဆုံးသွားတဲ့ တောင်တက်လမ်းပြ သမား သုံးဦးကို ရှာဖွေနေတာကို ကယ်ဆယ်ရေးအဖွဲ့တွေက လက်လျှော့လိုက်ပါတယ်။

ဧပြီ ၁၂ ရက်နေ့က တောင်တက်လမ်းပြတွေက ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်ဖို့ ကန်ဘူ ရေခဲမြစ်ရဲ့ အန္တရာယ်ရှိတဲ့ ခဲနေတဲ့ ရေတံခွန်အပိုင်းကို ဖြတ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကြီးမားတဲ့ ရေခဲတွေ ပြိုဆင်းလာပြီး သူတို့တွေ မတ်စောက်တဲ့ အက်ကြောင်းထဲ ကျသွားတယ်လို့ ဆိုပါတယ်။

နက်ရှိုင်းတဲ့ နေရာထဲရောက်သွားတာကြောင့် သူတို့ ရုပ်အလောင်းတွေကို ပြန်လည် သယ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ခရီးသွားလာရေး ဆိုင်ရာ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ဒါဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ကိုတက်တဲ့ ဒီရာသီမှာ ပထမဆုံး ကြားရတဲ့ သေဆုံးမှုလည်း ဖြစ်ပါတယ်။