ထရမ့် - ပူတင် တွေ့ဆုံပွဲ ဘယ်လို ရလဒ် ထွက်မလဲ
အလက်စကာမှာ ဒီကနေ့နှောင်းပိုင်းမှာ လုပ်မယ့် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ရလဒ်ကနေ တဆင့် ယူကရိန်းနဲ့ ရုရှား အကြား ငြိမ်းချမ်းရေး ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားပါတယ်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီး မပါဘဲနဲ့ ယူကရိန်းပိုင် နယ်မြေတွေပေးပြီး လက်နက်ချစေမယ့် သဘောတူညီချက်မျိုး မယူဖို့ကိုလည်း ဥရောပ ခေါင်းဆောင်တွေက ဒေါ်နယ် ထရမ့်ကို တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းကို ထောက်ခံတဲ့ ရာနဲ့ချီတဲ့ လူတွေဟာ အလက်စကာက အန်ခါးရေ့ချ်မှာ စုဝေးပြီး ဗလာဒီမီယာ ပူတင်ကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။ ယူကရိန်း သမ္မတ မပါတဲ့ အခုဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူးလို့ သူတို့က ယုံကြည်နေပါ တယ်။ အမေရိကန် နဲ့ ရုရှား သမ္မတ နှစ်ယောက် တွေ့ဆုံပွဲ အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ စတိဗ် ရိုဇင်ဘာ့ဂျ်ရဲ့ သတင်းကို ကိုမင်းထက် က ပြောပြပေးမှာပါ။



