ထရမ့်ဦးဆောင်တဲ့ ထိပ်သီးဆွေးနွေးပွဲ အီဂျစ်မှာ ကျင်းပမယ်

ဓာတ်ပုံ ရင်းမြစ်, EPA
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီဂျစ်သမ္မတ အက်ဒဲလ် ဖက်တာ အယ်လ် ဆီဆီ နဲ့အတူ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲတစ်ခုကို တနင်္လာနေ့ကျရင် အီဂျစ်နိုင်ငံမှာ ဦးဆောင် ကျင်းပမှာ ဖြစ်ပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲဟာ ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ အဆုံးသတ်သွားစေဖို့၊ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရလာရေး ကြိုးပမ်းမှုတွေ ပိုအားကောင်းလာဖို့၊ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး စာမျက်နှာသစ်တစ်ရပ် ဖွင့်နိုင်ဖို့ ရည်ရွယ်တယ်လို့ အီဂျစ် သမ္မတ ပြောခွင့်ရသူက စနေနေ့တုန်းက ပြောပါတယ်။
ရှမ် အယ်လ် ရှိတ်ခ်မှာ ကျင်းပမယ့် အဲဒီ ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း အီဂျစ်သမ္မတ အယ်လ် ဆီဆီ ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။
"ကမ္ဘာတဝန်းက နိုင်ငံခေါင်းဆောင် အများကြီး လာကြမှာပါ။ သူတို့ကို ဖိတ်ကြားထားပါတယ်" လို့ သမ္မတ ထရမ့်ကလည်း သောကြာနေ့တုန်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ် ကီယာ စတာမာ လည်း အဲဒီ ထိပ်သီးဆွေးနွေးပွဲ သွားတက်မယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နူဝဲလ် မက်ခရွန်လည်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက စနေနေ့က အတည်ပြု ပြောပါတယ်။
ထရမ့်ကို ကြိုဆိုဖို့ အစ္စရေးပြည်သူတွေ ပြင်ဆင်နေ၊ ဓားစာခံတွေ ပြန်မလွတ်လာသေးခင်မှာတော့ စိုးရိမ်မှုတွေ မြင့်တက်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
တနင်္လာနေ့မှာ အစ္စရေးနိုင်ငံကို သမ္မတ ထရမ့် ရောက်ရှိလာမယ်လို့ မျှော်လင့်ရပြီး သူရောက်မလာခင်မှာပဲ အစ္စရေးနိုင်ငံ ပါလီမန် အဆောက်အအုံနား တဝိုက်မှာ အမေရိကန်အလံတွေ လွှင့်ထူထားပါတယ်။ ဒါပေမဲ့လည်း ဓားစာခံတွေ ပြန်လွတ်လာရေးကိုတော့ အစ္စရေးပြည်သူတွေက စိုးရိမ်မှုတွေနဲ့ စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။
ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံ ၄၈ ဦးထဲမှာ ၂၀က ခုချိန်ထိ အသက်ရှင်နေဆဲလို့ ယူဆရပါတယ်။ သမ္မတထရမ့် ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အပစ်ရပ် အစီအစဉ်အရ အပြန်အလှန်အားဖြင့် ဂါဇာမှာ အကျဉ်းကျနေတဲ့ ပါလက်စတိုင်း ၂၀၀၀ နီးပါးနဲ့ အစ္စရေးတို့ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ ကို အစ္စရေးတို့ဘက်က ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။
အဲဒီထဲမှာ စစ်အတွင်း ထိန်းသိမ်း ခံထားရတဲ့ ဂါဇာဒေသခံ ၁၇၀၀ ပါဝင်ပြီး အများစုက စွဲချက်မတင်ဘဲ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ ၂၅၀ ကတော့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အစ္စရေး အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။
အစ္စရေးတို့ သဘောတူထားပြီးတဲ့ အပစ်ရပ်သဘောတူချက် အစီအစဉ်အတိုင်း ဟားမတ်တို့ဘက်က တောင်းဆိုထားတဲ့ အကျဉ်းသား စာရင်းပါ အထင်ကရ ပါလက်စတိုင်း ခုနှစ်ဦးထဲက အနည်းဆုံး နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ဟားမတ်တို့က အခိုင်အမာ တောင်းဆိုနေပါတယ်။
ဂါဇာဒေသမှာတော့ ထိလွယ်ရှလွယ်တဲ့ အပစ်ရပ် အစီအစဉ်အောက်မှာ အရေးတကြီး လိုအပ်နေတဲ့ ကယ်ဆယ်ရေးအထောက်အပံ့တွေ နောက်ထပ် တင်ပို့ခွင့်ပြုထားပါတယ်။
ဒီအပစ်ရပ် အစီအစဉ်ပါ စည်းမျဉ်းတွေအရ ကယ်ဆယ်ရေးအထောက်အပံ့တွေ တင်ဆောင်ထားတဲ့ လော်ရီကား အစင်း ၆၀၀ ဂါဇာဒေသထဲ နေ့စဉ်သွားရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပါလက်စတိုင်းနယ်မြေထဲ သွားတဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ဖွင့်ပေးဖို့ အစ္စရေးကို ကုလသမဂ္ဂအဖွဲ့က အခုအခါ တိုက်တွန်းထားပါတယ်။








