ဆူဒန်က တိုက်ပွဲအတွင်း အရပ်သားပစ်မှတ်နဲ့ ဆေးရုံတွေကို မပစ်ဖို့ WHO ပန်ကြား - ဧပြီ ၂၁ရက် ည နိုင်ငံတကာ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆူဒန်မှာ တပတ်နီးပါးကြာ စစ်တပ်ထဲက ပြိုင်ဘက်အဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အယောက် ၃၃ဝနီးပါ ရှိလာပါပြီ။
လူပေါင်း လူထောင်လောက်လည်း ဒဏ်ရာရထားတယ်လို့ ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။
ဆေးရုံတွေ အပါအဝင် အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်မှု အဆုံးသတ်ဖို့ကိုလည်း WHO က ဆော်သြထားပါတယ်။
ဆူဒန်မြို့တော် ခါတွမ်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရပြီး မနေ့ ဗုဒ္ဓဟူးနေ့က ဒုတိယအကြိမ် အပစ်ရပ်မှု ကြိုးပမ်းချက်ဟာလည်း ပျက်သုဥ်းခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကတော့ ဒေသတွင်း အာဖရိက အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ မကြာခင်အချိန်အတွင်း အစည်းအဝေး လုပ်ဖို့ ရှိပြီး အပစ်ရပ်ရေးပေါ်ပေါက်လာဖို့ မျှော်လင့်နေကြပါတယ်။
ဘန်ကောက်နဲ့ ချင်းမိုင်ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့တွေ ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ အခုနှစ်အတွင်း လေထုထဲ မီးခိုးတွေ ထူထူထဲထဲ ကျရောက်မှုကြောင့် လူနှစ်သန်းခွဲလောက် ကုသမှု ခံယူခဲ့ရတယ်လို့ လူထုကျန်းမာရေး အရာရှိတယောက်က ပြောပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာ ၊ အရေပြားနီပြီးရောင်ရမ်းတာ ၊ မျက်လုံးတွေကျိန်းစပ်ပြီး လည်ချောင်းနာတဲ့ ပြဿနာတွေနဲ့ ရောက်လာတာများတယ်လို့ ဒေါက်တာ Opas Karnkawinpong က ဆိုပါတယ်။
တောမီးရှို့တာ ၊ တောင်ယာမီးရှို့တာတွေကြောင့် အခုလို မီးခိုးကောင်းကင်တလွှား ပျံ့လွှင့်တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြို့တော် ဘန်ကောက် ၊ မြောက်ပိုင်းက ချင်းမိုင် တို့ဟာ ကမ္ဘာလေထု တိုင်းထွာချက်တွေ အရ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့တွေ ဖြစ်တယ်လို့ IQAir အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ကိုင်ဖုန်းကနေ ကားအထိ ထုတ်လုပ်ရာမှာ အဓိကလိုအပ်တဲ့ မိုက်ခရိုချစ်ပ် အရောင်းထိုးကျလိမ့်မယ်လို့ ထိုင်ဝမ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့်လတွေအတွင်း မိုက်ခရိုချစ်ပ် အရောင်းထိုးကျလိမ့်မယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဆီမီးကွန်ဒက်တာ အများဆုံး ထုတ်တဲ့ နိုင်ငံတွေထဲ ထိုင်ဝမ်ပါဝင်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မိုက်ခရိုချစ်ပ်စ်တွေ ပေါများတဲ့ အခြေအနေမှာ ရှိတယ်လို့ ထိုင်ဝမ်ရဲ့ ဆီမီကွန်ဒက်တာထုတ် ကုမ္ပဏီက ပြောပါတယ်။
လျှပ်စစ်ဆိုင်ရာ ပစ္စည်းတွေ ၊ စမတ် ဖုန်းကနေ မော်တော်ကားတွေ အထိ ထုတ်လုပ်ရာမှာ မိုက်ခရိုချစ်ပ်စ်တွေ သုံးရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး ဆီမီကွန်ဒက်တာစ် ပြတ်တောက်မှုတွေ ဖြစ်ခဲ့တာပါ။
တိုင်းပြည်တပြည်ရဲ့ စီးပွားရေးအောင်မြင်ဖို့အတွက် မိုက်ခရိုချစ်ပ်လိုအပ်ချက်တိုးလာနေပြီး ပစ္စည်းပြတ်မသွားဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ရာဟူးဂန္ဒီကို စွဲဆိုထားတဲ့ အသရေဖျက်မှု အယူခံပယ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီကို အသရေဖျက်မှုနဲ့ ဆက်ကြားနာစစ်ဆေးမယ့် အစီအစဉ် ရပ်ဆိုင်းထားဖို့ အယူခံ တင်ရမှာ တရားရုံးက ပယ်ချလိုက်ပါတယ်။
ဒီအမှုကို စွပ်စွဲထားတဲ့အတိုင်း ဆုံးဖြတ်ချက်ချခဲ့ရင် သူ့ကို ပါလီမန်က ထုတ်ပယ်ပစ်ရမှာ ဖြစ်ပါတယ်။
အတိုက်အခံ ကွန်ဂရက်အိုင် ပါတီခေါင်းဆောင် မစ္စတာ ဂန္ဒီကို မိုဒီနာမယ် တခြားမှာ သုံးထားတာကို အကြောင်းပြုပြီး ဝန်ကြီးချုပ် နရင်ဒရာမိုဒီကို စော်ကားမှုနဲ့ ပြီးခဲ့တဲ့ လတုန်းက တရားစွဲခဲ့တာပါ။
အဲဒီအမှုနဲ့ ထောင် ၂ နှစ်ပြစ်ဒဏ် ချခံခဲ့ရရင် မစ္စတာဂန္ဒီအနေနဲ့ လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်ရှိမှာ မဟုတ်တော့ပါဘူး။
မစ္စတာဂန္ဒီရဲ့ လွန်ခဲ့တဲ့ ၄နှစ်လောက်တုန်းက လူထုစည်းဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်ကို ယူပြီး တရားစွဲတာဟာ လွန်လွန်အားကြီးတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။
အာဏာရ ဘီဂျေပီ ဟာ နိုင်ငံရေးအရ အငြိုးကြီးကြီးနဲ့ ဂန္ဒီမိသားစုကို ဖိနှိပ်နေတယ်လို့ အတိုက်အခံ ကွန်ဂရက်ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ယူကရိန်းကို ဥရောပနိုင်ငံတွေက တင့်ကားတွေပေးမယ့် အစီအစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယ်သာလန်နဲ့ ဒိန်းမတ်ဟာ ယူကရိန်းကို ပေးပို့ဖို့ Leopard Two အမည်ရ တင့်ကား၁၄စင်း ဝယ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ယူကရိန်းကို ဂျာမနီ ၊ ဒိန်းမတ် နဲ့ ဒက်ချ် အစိုးရတွေက နှစ်ချို့မော်ဒယ်ဟောင်း တင့်ကားအစင်း တရာကျော်ပေးပို့ဖို့ ကတိပြုထားပေမယ့် အခု Leopard Two တင့်ကားတွေက ပစ်အားပိုကောင်းပြီး ကမ္ဘာ နံပါတ်တစ် အဆင့်မှာ ရှိနေတဲ့ တင့်ကားတွေ ဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းကို ဆက်လက် တိုက်ခိုက်နေတာကြောင့် နယ်သာလန် အနေနဲ့ အခုလို ယူကရိန်းကို ကူညီဖို့ ကမ်းလှမ်းခဲ့တာလို့ ဒက်ချ် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ ပေးမယ်ဆိုတဲ့ တင့်ကားတွေဟာ ပြင်ဆင်မွမ်းမံဖို့ လိုပြီး နောက်နှစ်အထိ ယူကရိန်းကို ရောက်လာမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။








