ဂါဇာ မြို့သိမ်းရေး အစ္စရေး ဝန်ကြီးချုပ် အတည်ပြု
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေ အားလုံး လွှတ်ပေးဖို့နဲ့ ဂါဇာ စစ်ပွဲ အဆုံးသတ်ရေး အတွက် အစ္စရေး တောင်းဆို ထားတဲ့ အချက်တွေ နဲ့ အညီ စေ့စပ် ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်ဖို့ အမိန့်ပေးထားကြောင်း ပြောဆိုပါတယ်။ တခါ သိန်းနဲ့ ချီတဲ့ ပါလက်စတိုင်းတွေ တောင်ဘက်ပိုင်း ဒေသတွေကို ထွက်ပြေးသွားစေနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂါဇာမြို့သိမ်း တိုက်ပွဲ အစီအစဉ်ကိုလည်း သူက အတည်ပြုပေးလိုက်ပါတယ်။ ဂါဇာမြို့ခံတွေဟာ အစ္စရေး ရဲ့ ပြင်းထန်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဓားစာခံ တချို့ လွှတ်ပေးဖို့အတွက် ဟားမတ်စ်က သဘောတူထားတဲ့ ယာယီ အပစ်အခတ် ရပ်စဲရေး ကိုလည်း မစ္စတာ နေတန်ညာဟုက ပယ်ချလိုက်ပါတယ်။ ဂါဇာထဲ ကို ဘီဘီစီ အပါအဝင် နိုင်ငံတကာ သတင်းထောက်တွေဟာ ဝင်ရောက် သတင်းရယူခွင့် မရှိပါဘူး။ ဒါကြောင့် ဘီဘီစီ သတင်းထောက် လူစီ ဝီလျံဆင် ဂျေရုဆလင် မြို့ကပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းကပြောပြပေးမှာပါ။



