ဂရင်းလန်ရဖို့ အမေရိကန် နည်းမျိုးစုံ စဉ်းစား

ဗီဒီယို ပုံစာ, ဂရင်းလန်ရဖို့ နည်းမျိုးစုံ ကန်စဉ်းစားနေ
ဂရင်းလန်ရဖို့ အမေရိကန် နည်းမျိုးစုံ စဉ်းစား

အမေရိကန် သမ္မတ ထရမ့်နဲ့ သူ့ အကြံပေးတွေဟာ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်ကို ပိုင်ဆိုင်ဖို့ နည်းလမ်းတွေ စဉ်းစားနေကြတယ်၊ အဲဒီ အထဲမှာ စစ်ရေးနည်းလမ်းလည်း ပါတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဂရင်းလန်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျွန်းကြီးဖြစ်ပြီး အရွယ်အစား အားဖြင့် ဂျာမနီထက် ၆ ဆ ကြီးပါတယ်။ မစ္စတာ ထရမ့်ရဲ့ ပြန်ကြားရေး အရာရှိ ဖြစ်တဲ့ ကယ်ရိုလိုင်း လက်ဗစ်က ဒေါ်နယ်ထရမ့်ဟာ အာတစ် ဒေသထဲမှာ အမေရိကန်ရဲ့ ရန်တွေကို ကာကွယ်ဖို့ ဂရင်းလန်ကို ပိုင်ဆိုင်မှ ဖြစ်မယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။ နောက်ပြီး သူဟာ ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်တဲ့အတွက် အမေရိကန်ရဲ့ စစ်အင်အားကိုလည်း သုံးစွဲလို့ ရတယ်လို့ ဆိုပါတယ်။

ဒိန်းမတ်နဲ့ အမေရိကန် ၂ နိုင်ငံစလုံးဟာ မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ နေတိုး အဖွဲ့ဝင်တွေ ဖြစ်တာကြောင့် ဒိန်းမတ်က ထရမ့် အစိုးရအနေနဲ့ ဂရင်းလန်းကို တခြားတပါးသော တိုင်းပြည် အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက် မပါဘဲ သိမ်းယူမယ် ဆိုရင် ဒါဟာ နေတိုးအဖွဲ့ရဲ့ ဖြစ်တည်မှုကိုပါ အဆုံးသတ်ပေးလိုက်သလို ဖြစ်မယ်လို့ ပြောထားပါတယ်။

ဥရောပဟာလည်း ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ သူတို့ လုံခြုံရေးအတွက် နေတိုးအဖွဲ့ အပေါ် အားထားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒိန်းမတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုကို နားလည်မှု လွဲမှားနေတဲ့ ကိစ္စတွေကို ရှင်းလင်းနိုင်ရေးအတွက် တွေ့ဆုံဖို့ တောင်းဆိုထားပြီ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ဒေးဗစ် ဝေးလစ္စ ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။