အီသီယိုးပီးယား တီဂရေးမှာ လူ ၁,၄၀၀ အစာငတ်သေဆုံး- သြဂုတ်လ ၁၈ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း တီဂရေးဒေသမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အနည်းဆုံး လူ တစ်ထောင့်လေးရာလောက် အစာငတ် သေဆုံးခဲ့ကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။
သေဆုံးသူအရေအတွက် ပိုတိုးလာဖွယ် ရှိတယ်လို့ တီဂရေးဒေသ ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။
စားနပ်ရိက္ခာ အထောက်အပံ့ တင်ပို့မှုတွေ ခိုးယူခံနေရတာကြောင့် WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ်နဲ့ US aid အမေရိကန်ကယ်ဆယ်ရေး အေဂျင်စီတို့က အဲဒီဒေသကို စားနပ်ရိက္ခာ တင်ပို့မှုတွေ ဆိုင်းငံ့ထားလိုက်ပါတယ်။
တီဂရေးဒေသမှာ အီသီယိုပီးယား အစိုးရနဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေး တပ်ဦးအဖွဲ့တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
အဲဒီမှာ လူ ၆ သန်းလောက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဖရိကသမဂ္ဂ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူချက်အရ ပဋိပက္ခ စစ်ပွဲတွေ အဆုံးသတ်ခဲ့ပါတယ်။
တီဂရေးဒေသကို စားနပ်ရိက္ခာတွေ ပြန်တင်ပို့ပေးနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ WFP အဖွဲ့က ပြောပါတယ်။
ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ တွေ့ဆုံဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဘိုင်ဒန်ဟာ ဒီကနေ့ နှောင်းပိုင်းမှာ သမ္မတ အပန်းဖြေစံအိမ် Camp David မှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲမှာ အရှေ့အာရှ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုခိုင်မာလာအောင် လုပ်မယ်လို့ ယူဆရပါတယ်။
သမ္မတ ဘိုင်ဒန်ဟာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ တောင်ကိုရီးယား သမ္မတ ယွန်းဆတ်ယိုလ် တို့နဲ့ တွေ့ဆုံပြီး တရုတ်ရဲ့ သြဇာအာဏာ ကြီးထွားလာမှု၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ် စတဲ့ ကိစ္စရပ်တွေကို ဘယ်လို ပူးတွဲဖြေရှင်းကြမလဲ ဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒန်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေကြောင်း ကျိုဒို ဂျပန်သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဗီဇပြောင်း ကိုဗစ်ပိုးသစ်တစ်မျိုး ပေါ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အသစ်ပေါ်လာတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ် တစ်ခုကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ ပြောပါတယ်။
BA.2.86 လို့ အမည်ပေးထားတဲ့ အဲဒီ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ဟာ သူ့ရဲ့ ဆူးချွန်ဖြစ်ပေါ်စေတဲ့ ဗီဇပေါ်မှာ အသွင်ပြောင်းမှုတွေ အများအပြား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆူးချွန်ကြောင့် လူ့ခန္ဓာကိုယ် ဆဲလ်တွေကို ဗိုင်းရပ်စ်တွယ်ကပ်နိုင်တာ ဖြစ်ပါတယ်။
လောလောဆယ် ဒီဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို အစ္စရေး၊ ဒိန်းမတ်နဲ့ အမေရိကန်နိုင်ငံတွေမှာ တွေ့ရှိထားပါတယ်။
ပြီးခဲ့တဲ့ လက ကမ္ဘာတဝန်းမှာ ကိုဗစ်ဖြစ်ပွားမှုပေါင်း တစ်သန်းခွဲနီးပါး ရှိခဲ့ပြီး အဲဒီမတိုင်ခင်လကထက် အများကြီး ပိုတိုးလာတာ ဖြစ်ပါတယ်။
နီဂျဲပြည်သူတွေအတွက် စိုးရိမ်ကြောင်း ကုလလူ့အခွင့်အရေး အကြီးအကဲ ထုတ်ပြော

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဖော်လ်ကာ တုရ်ခ် က နီဂျဲ ပြည်သူတွေအတွက် အကြီးအကျယ် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့လ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်အဖြစ် နီဂျဲပြည်သူတွေ နောက်ထပ် ဒုက္ခဆင်းရဲတွေနဲ့ ပိုရင်ဆိုင်ကြုံတွေ့လာရဖို့ ရှိတယ်လို့ ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အမိန့်အတိုင်း ပြန်လည်ကျင့်သုံး အုပ်ချုပ်ဖို့ စစ်ဗိုလ်ချုပ်တွေကို မစ္စတာ တုရ်ခ်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
လူဦးရေ တစ်ဝက်နီးပါးလောက် ဆင်းရဲတွင်းနက်နေတဲ့ တိုင်းပြည်တစ်ခုမှာ နယ်စပ်တွေပိတ်၊ အရောင်းအဝယ်တွေ ဆိုင်းငံ့၊ လျှပ်စစ်မီးတွေ ပြတ်တောက်၊ စားသောက်ကုန်စျေးတွေ ထိုးတက်လာနေတဲ့အတွက် အခြေအနေတွေ ပိုဆိုးလာနေတယ်လို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို တုံ့ပြန်ပယ်ဖျက်ဖို့ သံတမန်ရေး ကြိုးပမ်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့အပြီး စစ်ရေးကြိုးပမ်းမှုတွေ ပူးပေါင်း လုပ်ဆောင်သင့်သလားဆိုတာကို အနောက် အာဖရိကဒေသနိုင်ငံတွေက စစ်ဦးစီးချုပ်တွေ ဂါနာနိုင်ငံမှာ ဒုတိယမြောက်နေအဖြစ် တွေ့ဆုံ ဆွေးနွေးနေစဉ်မှာပဲ မစ္စတာ တုရ်ခ်က အခုလို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
မော်စကိုမြို့လယ်ကို ဒရုန်းထိမှန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားနိုင်ငံ မော်စကိုမြို့တော်ပေါ်မှာ ဒရုန်းတစ်စင်းကို ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေက ပစ်ချလိုက်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီကနေ့ မနက်စောစောအချိန်က ရုံးဌာနတွေနဲ့ စျေးဆိုင်တွေရှိရာ ရပ်ကွက်နားမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပုံကို ဗီဒီယိုမှာ တွေ့ရပါတယ်။
အဲဒီပေါက်ကွဲမှုက အပျက်အစီးတွေကြောင့် မော်စကိုမြို့တော်ရဲ့ ကုန်စည်ပြပွဲ တိုက်ခန်းတွဲက အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ရပါတယ်။
မော်စကို လေဆိပ်က လေယာဉ်အသွားအလာတွေလည်း ထိခိုက်ခဲ့ရပါတယ်။
မော်စကိုမြို့မှာ ပေါက်ကွဲမှုတွေ အထိုက်အလျောက်အားဖြင့် သိပ်မရှိလှပေမဲ့ လတ်တလော သီတင်းပတ်တွေအတွင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။








