ဆူဒန်မှာ ၂ ရက် အပစ်ရပ်ပေမဲ့ လုံခြုံရေးအာမခံချက်မရသေးလို့ အရေးပေါ် ရိက္ခာမဝေနိုင်သေး - ဇွန်လ ၂၉ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

အပစ်ရပ်ထားပေမယ့် ရိက္ခာ မဝေနိုင်သေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လတ်တလော ၂ရက်တာ အပစ်ရပ်ထားမှုကြောင့် ခါတွန်းမ်မြို့တဝိုက် ငြိမ်သက်နေ

ဆူဒန်မှာ RSF လက်နက်ကိုင်အဖွဲ့ ထိန်းသိမ်းထားတဲ့ စစ်တပ်က စစ်သား ၁၂၅ယောက် ပြန်လည်လွတ်မြောက်လာရေး ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC က ပြောပါတယ်။

အဖမ်းခံရသူ အများစုဟာ ဒဏ်ရာရထားကြပြီး သူတို့ကို မြို့တော် ခါတွန်းမ်ကနေ တောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ ဝက်ဒ် မာဒါနီ ဆီကို ပို့ဆောင်ခံထားရတယ်လို့ICRC က ဆိုပါတယ်။

ခါတွန်းမ်မြို့က အရေးပေါ် ဝန်ထမ်းတွေကတော့ အခုနောက်ဆုံး နှစ်ရက် အပစ်ရပ်ထားမှုကြောင့် မြို့တဝိုက် ငြိမ်သက်နေတယ်လို့ ဆိုပေမယ့် ပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင် ၂ ဖွဲ့ဆီက အာမခံချက် မရတာကြောင့် ရိက္ခာဝေငှနိုင်တာမရှိသေးဘူးလို့ ပြောပါတယ်။

ယူကေမှာ နိုင်ငံရေးခိုလှုံသူတွေကို ရဝမ်ဒါပို့မယ့် အစီအစဉ် အယူခံ တရားရုံး ပယ်ချ

ရိုဝမ်ဒါဟာ ကမ္ဘာမှာ အလုံခြုံဆုံးတွေထဲက တနိုင်ငံလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရားမ၀င် ဝင်ရောက်သူတွေကို ရပ်သွားအောင်လုပ်မယ့် ယူကေဝန်ကြီးချုပ်ရဲ့ ကတိကဝတ်တွေ ဖြစ်လာနိုင်ပါ့မလား

ဗြိတိန်မှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်သူတွေကို ရဝမ်ဒါနိုင်ငံကိုပို့မယ့် အစိုးရရဲ့ အစီအစဉ်ကို အယူခံ တရားရုံးက ဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။

ရဝမ်ဒါဟာ လုံခြုံစိတ်ချရတဲ့ တတိယနိုင်ငံအဖြစ် မသတ်မှတ်သင့်ကြောင်းနဲ့ အဲဒီရဝမ်ဒါကနေ သက်ဆိုင်ရာ နေရင်းနိုင်ငံတွေဆီ ပြန်ပို့တဲ့ အခါမှာလည်း တရားစွဲခံရနိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဒါဟာ ယူကနေနိုင်ငံထဲ လှေငယ်တွေနဲ့ တရားမ၀င် ဝင်ရောက်မှုတွေကို ရပ်အောင်လုပ်မယ်ဆိုတဲ့ ဝန်ကြီးချုပ် ရစ်ရှီဆူးနတ်ရဲ့ ကတိကဝတ်တွေ အတွက် နောက်တွန့် သွားစေခဲ့ပါတယ်။

ယူကေအယူခံတရားရုံး ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ပေမယ့် ရဝမ်ဒါ အစိုးရကတော့ ဒီဆုံးဖြတ်ချက်ကို သဘောမကျ ဖြစ်ခဲ့ပြီး သူတို့နိုင်ငံဟာ ကမ္ဘာမှာ အလုံခြုံဆုံး တိုင်းပြည်တွေထဲ တခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကေအစိုးရ အနေနဲ့ အခုထွက်ပေါ်လာတဲ့ အယူခံရုံး ဆုံးဖြတ်ချက်ကို အထူးတရားရုံးမှာ အယူခံလျှောက်ထားနိုင်တာ ဖြစ်ပါတယ်။

ဂျပန်က ပင်လယ်ထဲသွန်ချခဲ့တဲ့ ရေဒီယိုသတ္တိကြွပါရေတွေ စီးလာမှာ တောင်ကိုရီးယားစိုးရိမ်

ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံက ရေဒီယို သတ္တိကြွရေတွေ အခု နွေရာသီအစောပိုင်းတုန်းက ပင်လယ်ထဲ သွန်ချခဲ့ရာမှာ သူတို့ဆိပ်ကမ်းတွေမှာ သက်ရောက်မှု အနည်းငယ် ရှိခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အဲဒီညစ်ညမ်းဓာတ်ပါတဲ့ ရေတွေ တောင်ကိုရီးယား ရေပြင်ပိုင်နက်ကို ၁ဝ နှစ်အတွင်း ရောက်လာနိုင်တယ်လို့ တောင်ကိုရီးယား အစိုးရ အရာရှိ Park Ku-Yeon က ပြောပါတယ်။

လတ်တလော သမုဒ္ဒရာစီးကြောင်းတွေကို သုတေသန ပြုချက်အရ ဖူကူရှီးမားက ရေတွေဟာ ကိုရီးယားကျွန်းဆွယ်ဘက်ကို စီးဆင်းလာနိုင်တယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ မစ္စတာ ပါ့ခ်က ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် ဒီကြေညာချက်က တောင်ကိုရီးယား ပြည်သူတွေရဲ့ စိုးရိမ်မှုကို အပြည့်အဝ ကျေနပ်သွားစေမယ့် ပုံစံမတွေ့ရဘဲ တချို့စိုးရိမ်သူတွေကတော့ ပင်လယ်ဆား စုဆောင်းမှုတွေ လုပ်ဆောင်လာတာ တွေ့ရပါတယ်။

အိန္ဒိယမှာ အတိုက်အခံခေါင်းဆောင်ရဲ့ မဲဆွယ်ခရီးစဉ် နောက်ကြောင်းပြန်လှည့်ခိုင်းခံရ

မဏိပူ လူမျိုးရေး သေဆုံးသူ တရာကျော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာဂန္ဓီရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မဏိပူပြည်နယ်ကို သွားခွင့်မပြုတာလို့ ရဲက ပြော

အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူ ပြည်နယ်မှာ အတိုက်အခံ ပါတီခေါင်းဆောင် ရာဟူး ဂန္ဓီရဲ့ မဲဆွယ်ခရီးကို ရဲက တားမြစ်ခဲ့ပါတယ်။

မဏိပူ ပြည်နယ်မှာ လတ်တလော လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားထားတာ ဖြစ်ပါတယ်။

ချာဒူးချန်ပါမြို့နားက စခန်းတခုကို သွားစဉ်မှာ သူတို့ယာဉ်တန်းကို ရဲက နောက်ကြောင်းပြန်လှည့်ခိုင်းတာလို့ မစ္စတာဂန္ဓီရဲ့ ကွန်ဂရက်ပါတီက ပြောပါတယ်။

ရဲကတော့ မစ္စတာ ဂန္ဓီရဲ့ လုံခြုံရေးကို စိုးရိမ်လို့ အခုလို တားမြစ်ရတာပါလို့ ဆိုပါတယ်။

မဏိပူပြည်နယ်မှာ ကူကီး လူမျိုးတွေနဲ့ မိုင်သည်း လူမျိုးစုတွေကြား လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူတရာကျော် သေဆုံးပြီး သောင်းနဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

သီရိလင်္ကာအစိုးရ အကြွေးပြန်သုံးသပ်မယ့်အစီအစဥ်ချပြ

သီရိလင်္ကာ ဘဏ်ပိတ်ရက်စတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာ ဗဟိုဘဏ် ငွေတိုက်စာချုပ်တွေ တန်ဖိုး ၃၀ ရာနှုန်း လျော့

သီရိလင်္ကာမှာ စီးပွားရေး တည်ငြိမ်အောင် ကြိုးပမ်းတဲ့အနေနဲ့ အစိုးရ အကြွေးတွေကို ပြန်လည်သုံးသပ်မယ့် အစီအစဉ်တရပ်ကို ဗဟိုဘဏ်က ချပြလိုက်ပါတယ်။

ဗဟိုဘဏ် အဆိုပြုတဲ့ထဲမှာ နိုင်ငံတကာ ငွေချေးသူတွေ လက်ထဲက သီရိလင်္ကာအစိုးရရဲ့ တချို့ငွေတိုက်စာချုပ်တွေကို ၃ဝ ရာခိုင်နှုန်း လျှော့ချမယ့် ကိစ္စလည်း ပါဝင်ပါတယ်။

အခု အကြွေးတွေ ပြန်လည် သုံးသပ် စီမံမယ့် အစီအစဉ်ဟာ မတ်လတုန်းက နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့နဲ့ သီရိလင်္ကာ အစိုးရတို့ သဘောတူထားတဲ့ စီးပွားရေး ကျားကန်မှု အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သီရိလင်္ကာတင်နေတဲ့ အကြွေးတွေရဲ့ တဝက်ကို ပိုင်ဆိုင်ထားတာပါ။

ငွေကြေးစျေးကွက် မတည်ငြိမ်မှုတွေ ပေါ်ပေါက်နေတဲ့ ကြားမှာ သီရိလင်္ကာမှာ ဘဏ်ပိတ်ရက် ၅ ရက်ကို စတင်နေပြီ ဖြစ်ပါတယ်။